မနေ့ညက မန်စီးတီးနဲ့ ထိပ်တိုက်တွေ့တဲ့ စူပါဆန်းဒေးပွဲမှာတော့ အာဆင်နယ်က လူစားဝင် တိုက်စစ်သမား မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့အတူ ၁-ဝ နဲ့ အနိုင်ရခဲ့ကာ ဇယားထိပ်ဆုံးက စပါးနောက်ကို အမှီလိုက်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ အာဆင်နယ်ရဲ့ အကောင်းဆုံး ကစားသမား ဆာကာ မပါဝင်ခဲ့ပါဘူး။ ဒီဘရိုင်းနဲ့ ရိုဒရီတို့ မပါတဲ့ မန်စီးတီးက အာဆင်နယ်ကို သိသိသာသာ လွှမ်းမိုးကစားနိုင်ခြင်း အားနည်းခဲ့ကာ ထူးထူးခြားခြား ဘာတစ်ခုမှ လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။
အာဆင်နယ်ဟာ လက်ရှိ ချန်ပီယံတွေကို အနိုင်ယူခဲ့ခြင်းနဲ့အတူ ပရီးမီးယားလိဂ်ကို စိန်ခေါ်သွားမယ်ဆိုတာ အားလုံးသိအောင် အကြောင်းကြားလိုက်ခြင်းလို့ ဘီဘီစီကနေ ပရီးမီးယားလိဂ် ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က မှတ်ချက်ပေးခဲ့ပါတယ်။
ရှမိုက်ကယ်က ” ဒီနေ့ပွဲကတော့ အာဆင်နယ်အသင်းက အားလုံးကို အကြောင်းကြားလိုက်တာပါပဲ။ ဒီရာသီ အာဆင်နယ်အသင်း ရနေတဲ့ ရလဒ်တွေက သူတို့ ပရီးမီးယားလိဂ် စိန်ခေါ်မယ်ဆိုတာကို ကြီးကြီးမားမား သတိပေးလာနေခြင်းပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ဆာကာတောင် မပါဘဲ အနိုင်ရခဲ့တာပါ။ ဒါကပဲ အားလုံး သတိပြုစရာ ဖြစ်လာပါတယ်။ ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် အာတီတာက ဂွာဒီယိုလာကို အတော်လေး အနိုင်ယူချင်ခဲ့တယ်။
ပွဲအပြီးမှာတော့ အာတီတာရဲ့ အသင်းက အောင်နိုင်သူ ဖြစ်ခဲ့တယ်။ ဂိုးကလည်း သူ့ရဲ့ လူစားလဲမှုကနေ လာတာပါ။ ဒီပွဲကို သူကပဲ ပြောင်းလဲခဲ့တာပါ ” လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။