တနင်္ဂနွေနေ့ည အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ အာဆင်နယ် – မန်စီးတီးတို့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းမှာတော့ မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့အတူ အိမ်ရှင် အာဆင်နယ်တို့ အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် အဓိက ကလပ် ၂ သင်း ထိပ်တိုက်တွေ့ကြတဲ့ ပွဲစဉ်ဖြစ်တာကြောင့် အတော်လေး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြကာ နှစ်သင်းလုံးက သတိကြီးတဲ့ ပွဲချဉ်းကပ်မှုဖြင့် ယှဉ်ပြိုင်လာခဲ့ကြပါတယ်။

အာဆင်နယ်ဘက်က ဂိုးသမား ယာယာ အပါအဝင် ခံစစ်က အနည်းငယ် ပြာနေမှုကို မြင်ခဲ့ရပေမယ့် မန်စီးတီးဘက်က အခွင့်အရေး မယူနိုင်ခဲ့ပါဘူး။ နှစ်သင်းလုံးရဲ့ ခံစစ်ဟာ ထိုးဖောက်ရ ခက်ခဲလှတာကာ ဒီဘရိုင်းနဲ့ ရိုဒရီတို့ မပါတဲ့ မန်စီးတီးက သိသိသာသာ လွှမ်းမိုးကစားနိုင်ခြင်း အားနည်းပါတယ်။

ပွဲကြီးတစ်ပွဲဖြစ်ပေမယ့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖျော်ဖြေမှုပေးဖို့ထက် ရမှတ်ကို အဓိကထား ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ပိုင်းမှာ အာဆင်နယ်က အနည်းငယ် ပိုတိကျတဲ့ ကန်ချက်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဆာဘီလာတို့ရဲ့ ခံစစ်ကို ကျော်ဖြတ် အခွင့်အရေးယူဖို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒီပွဲမှာ အာတီတာရဲ့ လူစားလဲမှုတွေက ပွဲရလဒ်အတွက် သက်ရောက်မှု ကြီးခဲ့ပါတယ်။ သွင်းဂိုးကတော့ ဒုတိယပိုင်း အတွင်း ထရော့ဇက်နေရာ လူစားဝင်တဲ့ မာတင်နယ်လီရဲ့ ကန်ချက် အကီ မျက်နှာနဲ့ထိပြီး လမ်းကြောင်းပြောင်း ဝင်သွားခဲ့တာပါ။ ဒီတစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

နိုင်ငံတကာသီတင်းပတ် မတိုင်ခင် အာဆင်နယ်ဟာ မန်စီးတီးကို ၂ မှတ်အသာ၊ စပါးနဲ့ အမှတ်တူ ရမှတ် ၂၀ ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ကာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ စတင်လာခဲ့ပြီ ဖြစ်ပါတယ်။