မနေ့က စနေနေ့ည အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် – ဘရန့်ဖို့ဒ် ပွဲကတော့ နောက်ဆုံး ခရာမှုတ်သည်ထိ ရင်ခုန် စိတ်လှုပ်ရှားစရာတွေ အတိ ဖြစ်ခဲ့ရပါတယ်။

နာကျင် အချိန်ပို ပွဲချိန် ၉၃ မိနစ်နဲ့ ၉၇ မိနစ်မှ ယူနိုက်တက် ကွင်းလယ် ကစားသမား တော်မီနေး ဆက်တိုက် ဆိုသလို ဂိုးတွေ သွင်းယူလိုက်တာကြောင့် ပွဲပြီးချိန်မှာ ယူနိုက်တက်တို့ ၂-၁ နဲ့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးတော့မယ့် နာကျင် အချိန်ပိုကျမှ ချေပဂိုး အရင် သွင်းပြီး နောက်ထပ် အနိုင်ဂိုး သွင်းနိုင်လိုက်တဲ့ အပေါ် တော်မီနေးက အဲဒီအခိုက်အတန့်မှာ လက်မလျှော့သေးတဲ့ အကြောင်း ပွဲ အပြီးမှာ အခုလို ရှင်းပြသွားခဲ့ပါတယ်။

” ကျွန်တော် စိတ်လှုပ်ရှား မနေပါဘူး။ ဘယ်လို အခြေအနေမျိုးမှာ မဆို လက်လျှော့လိုက်မှာ မဟုတ်ဘူး။ ဒီဘောလုံးကလပ်မှာက ဘယ်တော့မှ လက်မြှောက် အရှုံးမပေးဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။ ဘယ်တော့မှ အလံဖြူ ပြလို့ မရဘူး။

ကျွန်တော့် အတွက်ကတော့ ဒီကို အသက် ၅ နှစ်သားတည်းက ရောက်နေသူ ဖြစ်လို့ ဒါကို ဘယ်သူမဆိုထက် ပိုပြီး ကောင်းကောင်း သိတယ်၊ သဘောပေါက်ထားပါတယ်။ ” လို့ တော်မီနေးက ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းကပဲ ” ဒါက ဘောလုံးကွင်းထဲမှာ ကျွန်တော့် အကြိုက်ဆုံး ဖေးဖရိတ် အခိုက်အတန့် တစ်ခု ဖြစ်နေတော့မှာပါ။ လုံးဝ ရှုံးပြီထင်ရတဲ့ အချိန်မှာ ၂ ဂိုး သွင်းတာဗျာ။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းအတွက် ကူညီ စွမ်းဆောင်ပေးနိုင်တာနဲ့ လူတွေကို ကျွန်တော် ဘာလုပ်နိုင်သလဲ ပြသနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်နေမိပါတယ်။

ဒီနေ့ နိုင်ပွဲကတော့ တကယ်ကို ကြီးမားတဲ့ ရလဒ်ပါ။ ကျွန်တော်တို့ ဘယ်လောက် ခက်ခဲ့တဲ့ ကာလ ကြုံနေရလဲ လူတိုင်းလည်း သိပါတယ်။ ဒီအုပ်စုမှာ ဖိုက်တာတွေ ရှိတယ်၊ အဆုံးထိ တိုက်ပွဲဝင်သွားမယ့် သူတွေပါ။ ကွင်းထဲမှာ ဂိုးသွင်းတာက ဘယ်သူမဆိုကို ဖြစ်သွားနိုင်တယ်။ ဒီပွဲကနေ ပုံစံကောင်းတွေ တည်ဆောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။