အာဆင်နယ်နဲ့ မန်စီးတီး နှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်း နာဆရီဟာ ပြီးခဲ့တဲ့ အာဆင်နယ် ၁-၀ မန်စီးတီး ပွဲစဉ်ကို တက်ရောက်ခဲ့ပြီး အဆိုပါပွဲမှာ ဂန်းနားပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်ခဲ့ရပါတယ်။

ပြင်သစ် လက်ရွေးစင်ဟောင်းဟာ အာဆင်နယ်ကနေ မန်စီးတီးထံ ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် အောင်မြင်ခဲ့သူပါ။ အာဆင်နယ်ပရိသတ်တွေက နာဆရီအပေါ် စိတ်နာမှုရှိခဲ့ကာ အမ်းမရိတ်ကို ပြန်လာတိုင်း boo လုပ်ကာ လှောင်ပြောင်လေ့ ရှိပါတယ်။

အသက် ၃၆ နှစ်အရွယ် ကစားသမားဟောင်းဟာ လက်ရှိ ပြင်သစ် မီဒီယာ Canal Plus အတွက် သုံးသပ်သူအဖြစ် အလုပ်လုပ်နေပြီး အဲ့ဒီအတွက်ပဲ အမ်းမရိတ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ အာဆင်နယ် ပရိသတ် တစ်ဦးက အောင်မြင်မှုရဖို့ ကလပ်ကို စွန့်ခွာခဲ့တဲ့သူ အဖြစ် ပြင်းထန်စွာ အော်ဟစ်ခဲ့ချိန်မှာ နာဆရီ အတော်လေး တုန်လှုပ်နေခဲ့ပါတယ်။

အခြား ပရိသတ်တစ်ဦးကတော့ နာဆရီကို တစ်ယောက်ထဲ လွှတ်ထားလိုက်ဖို့ ကြားဝင် ဖြောင်းဖျပေးခဲ့ပါသေးတယ်။

အဲ့မြင်ကွင်းအတွက် အင်္ဂလန် သုံးသပ်သူ အချို့လည်း တော်တော်လေး အံ့အားသင့်ခဲ့ကြပြီး talkSPORT မှ Alex Crook ကတော့ ” အာဆင်နယ် ပရိသတ်တွေထံက အပြုအမှုကို ကြည်ပြီး နာဆရီ အတော်လေး တုန်လှုပ်နေပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဂန်းနားဟောင်း Perry Groves ကတော့ ” အခြေအနေက သိပ်မကောင်းဘူး။ လုံခြုံရေးတွေက သူ့ကို ပရိသတ်နားကနေ ခေါ်ထုတ်သွားသင့်တာ။ အာဆင်နယ် ပရိသတ် အချို့က သူ့ကို အတော်လေး မကျေနပ်နေပုံပဲ ” လို့ ထင်မြင်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးတို့ကြား ပရီးမီးယားလိဂ် ဖလား လုရတဲ့ အနေအထားကြောင့် ပြိုင်ဆိုင်မှု မြင့်တက်လာချိန်မှာ ပဲလှော်ကြား ဆားညှပ်သလို နှစ်ဖက်စလုံးမှာ ကစားဖူးတဲ့ နာဆရီ ကတော့ အမျက်ထွက်ခံရတာ ပိုဆိုးလာဟန် ရှိပါတယ်။