ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို အရေးနိမ့်အပြီးမှာ ရှုံးပွဲတွေ စိပ်လာနေတဲ့ မန်ချက်စတာ စီးတီး အသင်းဟာ အကြပ်အတည်းကာလ ရောက်နေပြီ၊ ကျရှုံးခန်း ဝင်လာနေပြီ ဆိုတဲ့ ဝေဖန်မှုတွေကို စတင်ရရှိနေပြီ ဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာရဲ့ အသင်းဟာ ၂၀၁၈ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အရေးနိမ့်ခဲ့တယ်။ မန်စီးတီးဟာ ကာရာဘောင်းမှာလည်း နယူးကာဆယ် အသင်းကို ရှုံးနိမ့်ပြီး ခပ်စောစောမှာတင် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

စီးတီး ကွင်းလယ် ကစားသမား ဂရီလစ်ကတော့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲထိ ရှုံးနိမ့်ထားခြင်းကို ကျရှုံးလာမှုအဖြစ် မှတ်ယူလို့ မရဘူးလို့ တုန့်ပြန်ခဲ့တယ်။

ဂရီလစ် က ‘ ဟုတ်ပါတယ်၊ မန်စီးတီးမှာ အရင်က ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာ မရှိဘူး။ ဒါပေမယ့် ဒါကြီးက အကျပ်အတည်း ကာလကြီး မဟုတ်ပါဘူး ‘ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ရိုဒရီ၊ ဒီဘရိုင်းတို့ကို လက်လွတ်ထားရချိန် ရလဒ်ဆိုးတွေ ဆက်တိုက် ရနေခဲ့တာပါ။ အဲ့မတိုင်ခင်ကတော့ ပရီးမီးယားလိဂ်ကို ၆ ပွဲဆက် အနိုင်ရခဲ့တာမို့ ဆိုးရွားတဲ့ စတင်မှုလား ကောင်းမွန်တဲ့ စတင်မှုလား သိသာပါတယ်လို့ ဂရီလစ်က ဆိုပါသေးတယ်။

‘ ရိုဒရီကို ဆုံးရှုံးရတာ ကြီးမားပါတယ်။ ဒါပေမယ့် စီးတီးကို ပြန်ရောက်တာနဲ့ ပွဲထွက်လူစာရင်းထဲ ပြန်ပါပြီး အသင်းကို ကူညီဖို့ ကြိုးစားသွားမှာပါ ’ လို့ ဂရီလစ်က ဆိုခဲ့တာ ဖြစ်ပါတယ်။