ဒီနွေမှာတုန်းက မန်စီးတီးအသင်းဟာ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ရေး အတော်လေး အားထုတ်ခဲ့သလို နည်းပြ ပကျ ဂွာဒီယိုလာ ကိုယ်တိုင် သီးသန့် တွေ့ဆုံမှုပါ ပြုလုပ်ခဲ့တယ် လို့ သတင်းထွက်လာပါတယ်။

ဒေါမွန်ကနေ ထွက်ခွာဖို့ ဘယ်လင်ဟမ် စဉ်းစားစဉ်မှာ သူ့ကို ခေါ်ယူနိုင်ရေး ပရီးမီးယားလိဂ် ထိပ်သီးကလပ် အများအပြားနဲ့တကွ ရီးရဲလ်မက်ဒရစ်တို့ အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ကြပါတယ်။ နောက်ဆုံးမှာ ရီးရဲလ်မက်ဒရစ်က ယူရို ၁၃၁ သန်းဖြင့် ခေါ်ယူသွားခဲ့ပါတယ်။

လီဗာပူးအသင်းက ခပ်စောစောမှာတင် နောက်ဆုတ်ခဲ့သလို ဂွာဒီယိုလာ ကိုယ်တိုင်ကလည်း ဘယ်လင်ဟမ်နဲ့ ၃ နာရီကြာ ဆွေးနွေး စကားပြောမှု လုပ်ခဲ့ပေမယ့် အင်္ဂလန်ကလပ်တွေဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဆွဲဆောင်မှုကို မကျော်နိုင်ခဲ့ပါဘူး။

စပိန်သတင်းဌာန Cadena Ser ကတော့ မန်စီးတီးဘက်က ဘယ်လင်ဟမ်ကို ပိုကောင်းတဲ့ လုပ်ခ ပေးဖို့အပြင် ဒေါ့မွန်ကိုလည်း ပိုများတဲ့ ပြောင်းရွှေ့ကြေးတွေဖြင့် ချဉ်းကပ်ခဲ့သေးတာလို့ ဆိုပါတယ်။ မန်စီးတီးက သူတို့ရဲ့ တိုးတက်မှုဟာ ရီးရဲလ်ထက် သာလွန်ကြောင်လည်း ပရော်ဂျက်တွေ ချပြခဲ့ပါသေးတယ်။

ဘယ်လင်ဟမ် ကိုယ်တိုင်ကတော့ အစဉ်အလာကြီးမားတဲ့ ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ကိုပဲ ရွေးချယ်လိုခဲ့တာမို့ မန်စီးတီးဘက်က ကစားသမားရဲ့ စိတ်ပြင်းပြနေမှုကို နားလည်သွားခဲ့တာမို့ နောက်ဆုတ်ခဲ့တာလို့ သိရပါတယ်။