ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီး အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဝိန်း ရွန်းနီက သူ့ရဲ့ ပထမဆုံး လက်မှတ်ထိုး ခေါ်ယူမှုအဖြစ် မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဘတ်လန်းကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
ခရစ္စတယ် ပဲလေစ့်ကနေ ယူနိုက်တက်ကို အငှားထွက်ကစားခဲ့ပြီး ဒီနွေမှာပဲ စကော့တလန်ကလပ် ရိန်းဂျားအသင်းထံ ပြောင်းရွှေ့သွားတဲ့ ဂိုးသမား ဘတ်လန်းကို ခေါ်ယူလိုရင် အခု ချက်ချင်းတော့ ရမှာ မဟုတ်ပါဘူး။ အသက် ၃၀ အရွယ် ဂိုးသမားဟာ ရိန်းဂျားစ် အသင်းနဲ့ ၄ နှစ်စာချုပ် ရှိနေတာပါ။
ရွန်းနီက ဒီစီယူနိုက်တက်နဲ့ လမ်းခွဲပြီး ရက်ပိုင်းအကြာ၊ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဘာမင်ဂမ် နည်းပြ ဖြစ်လာခဲ့တာပါ။
ဒီရာသီ တာထွက်ကောင်းပြီး ချန်ပီယံရှစ် အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ဘာမင်ဂမ် အသင်းမှာ နည်းပြဖြစ်လာပြီးနောက် ရွန်းနီဟာ အင်္ဂလန် အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ အက်ရှလေကိုးလ်နဲ့ အိုရှေတို့ကို နည်းပြအဖွဲ့ဝင်တွေအဖြစ် ထည့်သွင်း ထားခဲ့တယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတွေ စုနေတဲ့ ၎င်းတို့ နည်းပြအဖွဲ့ကတော့ ဘာမင်ဂမ်ကို ပရီးမီးယားလိဂ်ထံ တန်းတက်အောင် ကူညီပေးဖို့ စိတ်အားထက်သန်နေပါတယ်။
လက်ရှိ ဘာမင်ဂမ်အသင်း အဓိက ဂိုးသမား ရူဒီဟာ အသက် ၃၆ နှစ် အရွယ် ရှိနေပြီဖြစ်ကာ ကစားသမားဘဝ အနားယူဖို့ နီးကပ်လာပါပြီ။ ဒါကြောင့်ပဲ ဂိုးသမားသစ် ထည့်သွင်းဖို့ လိုအပ်မှာဖြစ်ကာ ဘာမင်ဂမ် ကစားသမားဟောင်း လည်းဖြစ်တဲ့ ဘတ်လန်းကို အလိုရှိနေတာ ဖြစ်ပါတယ်။