အာဆင်နယ်နဲ့ ချယ်ဆီးတို့လို လန်ဒန် ဒိတ်ဒိတ်ကြဲ နှစ်သင်းမှာ ကျင်လည်ခဲ့တဲ့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က နည်းပြလောကထဲ စတင် ဝင်ရောက်ဖို့ ကြိုးစားနေပြီး လက်ရှိမှာ အီတလီ ဒုတိယတန်းကလပ် တစ်သင်းရဲ့ ယူ-၁၉ အသင်းကို ကိုင်တွယ်နေပါတယ်။

စပိန်လက်ရွေးစင် ကြယ်ပွင့်ဟောင်းက သူ စံနမူနာယူရမယ့် နည်းပြတွေကို လျာထားရာမှာ ဂွာဒီယိုလာနဲ့အတူ အာတီတာ၊ ဒီဇာဘီလို လူငယ် နည်းပြတွေ ပါဝင်နေတာပါ။

ဒီနှစ်တွေမှာ ဘရိုက်တန်ဟာ အာဆင်နယ်၊ မန်စီးတီးနည်းတူ စောင့်ကြည့်သင့်တဲ့ ဘောလုံးအသင်း ဖြစ်လာနေပြီး သူတို့ ပွဲတွေကို ကြည့်ရတာက ဘောလုံးပွဲအကြောင်း ပိုမို နားလည်လာစေတယ် လို့ ဖာဘရီဂတ်စ်က အခုလို ထင်မြင်ချက် ပေးခဲ့တယ်။

“ သူတို့က ဘောလုံးအကြောင်း နားလည်ကြပါတယ်။ ပွဲကို ဘယ်လို အရှိန်သတ်ရမယ်၊ ဘယ်အချိန် အရှိန်တင်ရမယ်၊ မှန်ကန်တဲ့ နေရာလွတ်တွေ ဘယ်လိုရာရမယ်ပေါ့။ တိုက်စစ်သမားတွေအတက် မှန်ကန်တဲ့ ချိန်သားကိုက်မှုကို သူတို့ ရှာနိုင်ပါတယ်။

ကျနော် နှစ်သက်တဲ့ ပုံစံအတိုင်း သူတို့က ဘောလုံးကစားနေကြတာပါ။ လူတိုင်းက သူတို့ ဘယ်လိုကစားတယ် ဆိုတာကို လေ့လာ သင်ယူကြသင့်ပါတယ် ” လို့ ဖာဘရီဂတ်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာတီတာနဲ့ ဒီဇာဘီဟာ ဒီနှစ်တွေမှာ စတင် လူသိများလာခဲ့ကာ သူတို့ရဲ့ ကစားဟန်ဟာ ရှင်းလင်းတဲ့ ပုံစံတွေ ရှိခြင်းကြောင့် မျိုးဆက်သစ် နည်းပြတွေကြားမှာ လူကြိုက်များလာနေတာ ဖြစ်ပါတယ်။