လီဗာပူးအသင်းဟာ ရှော်ကေး ကွင်းလယ်လူ အက်ဆန် အာဝါဒရာအိုဂိုကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း စကိုင်းစပေါ့ ဂျာမာန် သတင်းထောက် Florian Plettenberg က ထုတ်ဖော်လာပါတယ်။

အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၂၄ မှာ ရှော်ကေးကနေ ထွက်ခွာခွင့် ရှိထားပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းမယ်ဆိုရင် ယူရို ၁၅ သန်းဝန်းကျင်၊ ဂျာမနီပြင်ပကို ထွက်မယ်ဆိုရင် ယူရို သန်း ၂၀ ဖြင့် အသင်းပြောင်းခွင့် ရှိထားပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းက စာချုပ်သစ်ပေးဖို့ အဆင်မပြေဖြစ်နေတဲ့ ဂျာမနီကြယ်ပွင့် မူဆီယာလာကို လက်မှတ်ထိုးလိုတဲ့ အသင်းတွေထဲမှာ လီဗာပူးလည်း ပါဝင်လာပါတယ်။

ဧပရယ်လအတွင်းမှာ ဘိုင်ယန်မြူးနစ်နဲ့ မူဆီယာလာတို့ စာချုပ်သစ်ကိစ္စ ကနဦး စကားပြောမှု စတင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ကတည်းက စာချုပ်သစ်ကိစ္စ စကားပြောခြင်း ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။

မူဆီယာလာဟာ နည်းပြတူချယ် လက်အောက် သူ့ရဲ့ ပွဲကစားခွင့် နည်းပါးခြင်းကို သဘောမကျဖြစ်နေပြီး ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ စဉ်းစားနေပြီလို့လည်း ဖော်ပြလာကြပါတယ်။

ဂျာမနီကြယ်ပွင့်အတွက် ပေးရမယ့်စျေးက များလွန်းပေမယ့် လီဗာပူးအသင်းဟာ ကလပ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသူ ဖြစ်မယ်၊ တန်ကြေးလည်း သင့်မယ်ဆိုရင် ခပ်မြန်မြန် ခေါ်ယူနိုင်ကြောင်းကို ဒီယက်ဇ်၊ ဂက်ပိုတို့ကို ခေါ်ယူမှုဖြင့် သက်သေပြထားပြီးပါပြီ။