အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အမ်းမရိတ်မှာ အာဆင်နယ်က မန်စီးတီးကို ၁-၀ ဖြင့် အနိုင်ရခဲ့ခြင်းကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဇယားထိပ်က စပါးအသင်းနဲ့ ရမှတ်တူကာ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့တယ်။

ထိုပွဲအပြီးမှာ စီးတီး နည်းပြ ဂွာဒီယိုလာကလည်း တချိန်က သူ့လက်ထောက်ဟောင်း ဖြစ်တဲ့ အာဆ်ငနယ် နည်းပြ အာတီတာကို ဂုဏ်ပြုစကား ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက စီးတီးဟာ နည်းပြကလော့ပ်ရဲ့ လီဗာပူးနဲ့ အဓိက ပြိုင်ဆိုင်ခဲ့ရပေမယ့် အခုချိန်မှာတော့ ဂွာဒီယိုလာရဲ့ ပြိုင်ဘက်က အာတီတာ ဖြစ်လာခဲ့ပါပြီ။

‘ ပွဲအပြီးမှာ ဂွာဒီယိုလာနဲ့ စကားပြောခဲ့ပါတယ်။ ပွဲအတွင်း ဘယ်လောက်ပဲ ပြင်းထန်ခဲ့ကြပါစေ ပွဲပြီးရင်တော့ ကျနော်တို့ရဲ့ ဆက်ဆံရေးကောင်းက အရင်အတိုင်းပါပဲ။

ဂွာဒီယိုလာကို နိုင်တာထက် သူ့ကို ရှုံးခဲ့တာက ပိုတောင်များပါတယ်။ နောက်ဆုံး ၂ ကြိမ်အဖြစ် ကွန်မြူနတီဒိုင်းနဲ့ ပရီးမီးယားလိဂ်မှာ သူတို့ကို အနိုင်ရခဲ့တယ်။ ဒီခံစားချက်ကတော့ အရမ်း ကွဲပြားတာပေါ့။

ဂွာဒီယိုလာကလည်း ‘ ဂုဏ်ယူပါတယ်၊ မင်းတို့အသင်းက တကယ်ကို ကြောက်စရာကောင်းတာပဲ’ လို့ ပွဲအပြီးမှာ သူ ပြောခဲ့ပါတယ်’ လို့ အာတီတာက ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

‘ မန်စီးတီးကို ကွန်မြူနတီဒိုင်းပွဲမှာ အနိုင်ရခဲ့တယ်။ အခုက အိမ်ကွင်းမှာ ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပြီး သူတို့ကို ထပ်ပြီး အနိုင်ရချင်ပါတယ်။

တစ်ဦးချင်းကော အသင်းလိုက်မှာပါ ကျနော်တို့ အမြင့်ဆုံး ပုံစံတွေနဲ့ စွမ်းဆောင်နိုင်ခဲ့တာမို့ အားလုံးအတွက် သိပ်ကောင်းတဲ့ နေ့ရက်တစ်ရက် ဖြစ်ခဲ့ပါတယ် ’ လို့ အာတီတာက ကျေနပ်စွာ ပြောဆိုပါတယ်။