ဒီမနက် အစောပိုင်းက ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၁ ဖြင့် အနိုင်ရခဲ့ခြင်းကြောင့် အမှတ်ပေးဇယားမှာ အဆင့်တွေ ပြန်တက်လာခဲ့ပါပြီ။
လက်ရှိ အဆင့် ၈ မှာ ရှိပေမယ့် ယူနိုက်တက်ဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၆ မှတ်ပဲ ကွာဟနေတာပါ။ လာမယ့် အပတ် အိုးထရတ်ဖိုဒ့်မှာ မန်စီးတီးကို ဧည့်ခံရမှာဖြစ်လို့ ဒါဘီပွဲကို အနိုင်ရမယ်ဆိုရင် ၃ မှတ်အကွာထိ ပြန်ကပ်လာမှာ ဖြစ်ပါတယ်။
မနေ့ညက ပွဲမှာတော့ ယူနိုက်တက် ကစားပုံက အကောင်းကြီး မဟုတ်ခဲ့ဘဲ ပထမပိုင်းမှာ အတော် လျော့တိလျော့ရဲ ဖြစ်နေခဲ့ကာ ဒုတိယပိုင်းမှ ကစားကွက် ပြန်စီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
တန်ဟက်ကတော့ ဒါဟာ နိုင်ငံတကာ သီတင်းပတ် အပြီး ဖြစ်တတ်တဲ့ ကိစ္စပဲ လို့ ပွဲအပြီးမှာ ဆင်ခြေစကား ဆိုခဲ့ပါတယ်။
” ပရီးမီးယားလိဂ်မှာ က ပွဲတိုင်း ခက်ခဲပါတယ်။ အထူးသဖြင့် နိုင်ငံတကာ သီတင်းပတ် က ပြန်လာရင် ကစားသမားတွေက မတူညီတဲ့ ကစားကွက်တွေ၊ ဗျူဟာတွေကို နိုင်ငံအသင်းတွေနဲ့ ကစားလာခဲ့ကြတာ။ ဒီတော့ ကလပ်ရဲ့ ပုံမှန် လုပ်ငန်းစဉ်ထဲ ပြန်ရောက်အောင် လုပ်ရပါတယ်။
ဒီနေ့ပွဲ ဆို တွေ့ကြတဲ့ အတိုင်းပဲ၊ ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံး ပုံစံ မှာ ရှိမနေဘူး။ အတော်ကြီး တလွဲတချော် ရှိခဲ့တယ်။ ဒါပေမယ့် ဂိုးလည်း ရလာခဲ့ပြီး အဲဒီကနေ ပွဲထဲ ပို အခြေကျလာခဲ့တယ်။ အမှန်တော့ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ချိန်မှာ ဒါကို ဆက်ထိန်းထားနိုင်ခဲ့ရမှာ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ဂိုးက ပြန်ပေးလိုက်ရတယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တော်မီနေး၊ ဒါလော့တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပွဲကို အနိုင်ရခဲ့တာပါ။ ယူနိုက်တက်ရဲ့ လာမယ့် ပရီးမီးယားလိဂ် ၃ ပွဲကတော့ မန်စီးတီး၊ ဖူလ်ဟမ်၊ လူတန်တောင်းတို့ ဖြစ်ကြကာ လက်ရှိ အနိုင်ရလဒ်တွေကို ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။