မန်ယူနဲ့ ဘိုင်ယန် ကွင်းလယ်လူဟောင်းကြီး အိုဝင် ဟားဂရေ့ဗ်ကတော့ လီဗာပူးအသင်း ဒီရာသီ ပရီးမီးယားလိဂ် ဗိုလ်စွဲနိုင်ဖို့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူသင့်သူကို ထောက်ပြမှု လုပ်လာပါတယ်။

ဒီနွေဈေးကွက်မှာ နည်းပြယာဂင်ကလော့ပ်ဟာ ကွင်းလယ်ပိုင်း ပြန်တည်ဆောက်မှုအတွက် မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ ဝါတာရု အန်ဒိုနဲ့ ဂရာဗင်ဘက်ချ်တို့ကို ခေါ်ယူထားတာပါ။ သူတို့ ၄ ဦးလုံးက အမှတ်ပေးဇယား စတုတ္ထနေရာမှာ ရှိနေတဲ့ လီဗာပူးအတွက် တောက်ပ နေကြပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းမှာ အားနည်းချက် တစ်ခုရှိနေပြီး အဆိုပါ အားနည်းချက်ကို ဖာထေးပေးနိုင်မယ့်သူက ဖူလ်ဟမ်အသင်းမှ အသက် ၂၈ နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ရာဖင်ညာပဲ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဟားဂရေ့ဗ်က “ လီဗာပူးအသင်း လိုအပ်နေတဲ့ တစ်ဦးတည်းသော ကစားသမားကတော့ ကွင်းလယ် ခံစစ်သမားပဲ ဖြစ်ပါတယ်။ ရာဖင်ညာသာ လီဗာပူး ကစားသမားဖြစ်လာခဲ့ရင် သူတို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရသွားနိုင်ပါတယ်။ ရာဖင်ညာက အဲ့လောက်ကို ကောင်းတဲ့သူပါ ”

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲမှာ ပါဝင်ထားတဲ့ ရာဖင်ညာဟာ နွေတုန်းက ဘိုင်ယန်မြူးနစ်ထံ ပြောင်းဖို့ သဘောတူညီမှု ရခဲ့ပြီး ဆေးစစ်ဖို့ ဂျာမနီကို ရောက်ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ အပြီးသတ်ဖို့ နောက်ကျခဲ့တာကြောင့် ဖူလ်ဟမ်အသင်းမှာပဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။