မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ ရေရှည် ထောက်ခံဖို့ ရည်ရွယ်ထားတဲ့ နည်းပြ တန်ဟက်ကို ထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်ဖို့ စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း အင်္ဂလန် နာမည်ကြီး The Times သတင်း က ဖော်ပြလာခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်ကို ရှုံးခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ဟာ ၁၉၆၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အိမ်ကွင်းမှာ ၃-၀ ရလဒ်နဲ့ ၂ ပွဲဆက် အရေးနိမ့်ခြင်း ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၆၁ နှစ်အတွင်း အဆိုးရွားဆုံးသော ရာသီအဖွင့် ပိုင်ဆိုင်နေခြင်းနဲ့အတူ နည်းပြ တန်ဟက်ရဲ့ အခြေအနေက ပြိုလဲလု နီးပါး အခြေအနေ ဖြစ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အကြီးတန်း သတင်းပေးကတော့ မန်စီးတီးကို ပရီးမီးယားလိဂ်မှာနဲ့ နယူးကာဆယ်ကို ကာရာဘောင်း ပြိုင်ပွဲတွေမှာ အကြီးအကျယ် အရေးနိမ့်ခြင်းကပဲ တန်ဟက်ရဲ့ နည်းပြ ရာထူးကို ပြင်းပြင်းထန်ထန် လှုပ်ခတ်စေခဲ့တာလို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ တန်ဟက်နေရာ အစားထိုးဖို့အတွက် လက်ရှိမှာ စပို့တင်း လစ္စဘွန်း နည်းပြ ရူဘန် အာမိုရင် နဲ့ ရီးရဲလ်မက်ဒရစ် အသင်း နည်းပြဟောင်း ဇီဒန်းတို့ကို ချိန်ရွယ်ထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပိုင်ရှင်ပိုင်းမှာ ရှုပ်ထွေးတဲ့ ကိစ္စ အချို့ရှိနေပြီး ဆာ ဂျင် ရက်ကလစ်ရဲ့ Ineos company က ဂလေဇာထံက ရှယ်ယာ ၂၅% ကို ဝယ်ယူရေး အပြီးသတ်လိုကာ ကလပ်ရဲ့ ဘောလုံးဆိုင်ရာ ကိစ္စတွေမှာ ဝင်ပါနိုင်ဖို့ မျှော်လင့် နေတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်ကို ဆက်လက် ထောက်ခံဦးမှာ ဖြစ်ပြီး နည်းပြ အပြောင်းအလဲ မလုပ်သေးဘူးလို့လည်း ဖော်ပြထားပါတယ်။