မနေ့ညက စိန့်ဂျိမ်းပါ့ခ်မှာ အာဆင်နယ် အသင်းအား အနိုင်ယူခဲ့တဲ့ နယူးကာဆယ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဟာ ဝေဖန်စရာတွေ အများကြီး ရှိနေတာပါ။

ဂိုးမပေးလောက်တဲ့ ကိစ္စ ၁ ခုတောင် မဟုတ်ဘဲ ဂိုးစည်းကျော်ခြင်း၊ ဂါဘရီရယ်ကို ပြစ်ဒဏ် ကျူးလွန်ခြင်း၊ ဂေါ်ဒန် လူကျွံနေခြင်း စတဲ့ ဖြစ်ရပ် ၃ ခုလုံးကို ကျော်ပြီး သွင်းဂိုးအဖြစ် အသိအမှတ်ပြုခဲ့တာပါ။

အာဆင်နယ်ဘက်က ဒီကိစ္စကို လုံးဝ လက်မခံနိုင်သလို အာတီတာကဆိုရင် ဒီ ဒိုင်တွေနဲ့ တွဲလုပ်ရတာကို အရမ်း စိတ်ကုန်နေပြီလို့ ဝေဖန်ခဲ့ပါတယ်။

နယူးကာဆယ် နည်းပြ အက်ဒီဟောင်ကတော့ ” ရုပ်ပုံတွေက မဟုတ်ဘဲ ရုပ်သံကနေ သေချာကြည့်နေတဲ့ VAR က ဆုံးဖြတ်ပေးမှုကို ကျနော်တို့ ရခဲ့တာပါ။ ကျနော် မမြင်တာကို အာတီတာ မြင်နေသလားတော့ မပြောတတ်ဘူး။ အခြား ဘာမှ ထွေထွေထူးထူး မမြင်မိပါဘူး။ ကျနော်အတွက်တော့ သိပ်ကိုကောင်းတဲ့ သွင်းဂိုးပါ ” လို့ တုန့်ပြန်သွားပါတယ်။

နယူးကာဆယ်နည်းပြကပဲ ဒီပွဲမှာ မမှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ရှိခဲ့ရင် အဲ့ဒါဟာ သူတို့ ကစားသမားအပေါ် ဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့တဲ့ ဟာဗက်ကို တိုက်ရိုက် အနီကဒ် မပြသခြင်းပဲလို့ ဆိုပါသေးတယ်။

အက်ဒီဟောင်က ” မတော်တဆမှုကြီး တစ်ခုဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။ အရမ်းကို မြင့်မားတဲ့ အဆင့် ပြိုင်ပွဲမှာ ဒါက သိပ်ကို အန္တရာယ်ကြီးသွားနိုင်တဲ့ ကိစ္စပါ။ ဟာဗက်က ကံကောင်းပြီး အဝါကဒ်ပဲ ရခဲ့ပါတယ်။ အဝါကဒ်တွေ ပလူပျံ သွားခဲ့တယ်။ ဒီပွဲက ခပ်ညံ့ညံ့ပွဲ မဟုတ်ပေမယ့် ထောက်ပြစရာတွေ ရှိခဲ့ပါတယ်။

ကျနော်တို့ ကစားသမား ၁၁ ယောက်လုံး ကွင်းထဲမှာ ဆက်ရှိနေခဲ့ပြီး တိုက်ခိုက်လိုစိတ် လျော့ကျမသွားခဲ့ဘူး။ ကျနော်တို့ ခေါင်းတွေကို မော့ထားပြီး ပွဲကို အကောင်းဆုံး စီမံခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။