တနင်္ဂနွေ ညက လီဗာပူးအသင်းရဲ့ အဝေးကွင်းမှာ လူတန်တောင်းကို ၁-၁ သရေ ကျခဲ့တဲ့ပွဲမှာ လီဗာပူးတိုက်စစ်မှူး ဒါဝင် နူးညက်ဟာ အံ့ဩလောက်အောင် ဂိုးပေါက် လွဲချော်မှု ထပ်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာ ထရန့်ရဲ့ ဖြတ်တင်ဘောကို ဆာလာက ဒါဝင် နူးညက် ပိတ်ဖို့ ခေါင်းတိုက်ချပေးရာမှာ တိုက်စစ်မှူးဟာ အနီးကပ်ကြီးကို ကန်ရတာ ဖြစ်ပေမယ့် မိုးပေါ်ထောင်တက်အောင် ဝင်ပိတ်ခဲ့တာပါ။

နူးညက်ရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှု အတွက် အသင်းဖော် ဆာလာက မယုံနိုင် ဖြစ်ကာ အံ့အားသင့်နေခဲ့သလို ကွင်းဘေးက နည်းပြ ကလော့ပ်ပါ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်အပြီးမှာ စည်းကြပ်ဒိုင်က ဘောလုံး လက်ခံသူ ဆာလာ လူကျွံနေကြောင်း အလံထောင်ခဲ့ပါတယ်။

ပွဲအပြီး သရေ ရလဒ်ထွက်သွားတဲ့နောက်မှာတော့ နည်းပြ ကလော့ပ်က တိုက်စစ်မှုး ဒါဝင် နူးညက်ကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

” သူ ၁ခါ ၂ ခါလောက်က လူကျွံနေခဲ့တယ်။ နောက်ပြီး သူ မို(ဆာလာ)နဲ့ ကြုံခဲ့တာက တကယ့် အခွင့်အရေးကြီးပါ။ ဒါကလည်း အခိုက်အတန့်ကောင်းတွေထဲက တစ်ခုပဲ။

သူက ပွဲထဲမှာ အရာရာ ပါဝင် ကြိုးစားခဲ့သူပါ။ ဒီတော့ အဆင်ပြေပါတယ်။ ပွဲရလဒ်ကတော့ ကျွန်တော်တို့ စိတ်ကူး ထားသလို မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒါတွေကို လက်ခံရလောက်အောင်တော့ ကျွန်တော်တို့ ရင့်ကျက်ပါတယ်။

လူတန်ကိုလည်း သူတို့ ကာကွယ်သွားပုံ၊ ကစားသွားပုံကို အသိအမှတ်ပြုရပါမယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပြီး အခုထက်လည်း ပို ရှိနိုင်ခဲ့သင့်ပါတယ်။

ပွဲက နိုင်ခဲ့သင့်တယ် ဆိုပေမယ့် အခု ပြန်ကြည့်တော့ ကျွန်တော်တို့ သရေ တစ်မှတ်နဲ့ ထိုက်တန်တယ် လို့ ဆိုရပါမယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ လူတန်နဲ့ပွဲ သွင်းဂိုးတွေ မရခဲ့တဲ့ အဓိက လက်သည်က ဒါဝင် နူးညက် ဆိုတာကိုတော့ ရှောင်လွှဲထားလို့ မရပါဘူး။ တစ်ပွဲလုံးမှာ ဒါဝင် ဂိုးကန်သွင်းမှု ၉ ကြိမ် လုပ်ခဲ့ပြီး ၃ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တာ ဖြစ်ပါတယ်။