လီဗာပူးအသင်းဟာ မနေ့ညက တူးလော့စ် အသင်းနဲ့ ယူရိုပါလိဂ် အဝေးကွင်း အုပ်စုပွဲ သွားရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ နဲ့ အရေးနိမ့်သွားပါတယ်။

လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ်က ဒီပွဲမှာ နောက်ကျ ချေပဂိုး သွင်းယူခဲ့တဲ့ ကွမ်းဆက်ရဲ့ သွင်းဂိုး အပေါ် မက် ကယ်လစ္စတာ လက်ထိတယ်ဆိုပြီး ပယ်ဖျက် ခံလိုက်ရခြင်းဟာ မှားယွင်းတယ်လို့ ယုံကြည် နေပါတယ်။

၃-၃ ဖြစ်စေမယ့် သွင်းဂိုးကို ကွမ်းဆက် သွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အဲ့မတိုင်ခင် မက်ကယ်လစ္စတာ လက်ထိတယ်ဆိုပြီး ပယ်ဖျက်ခဲ့တာပါ။

အဆိုပါ ရှုံးပွဲကြောင့် အုပ်စုဗိုလ်နေရာ လုနေတဲ့ လီဗာပူးနဲ့ ပြင်သစ်ကလပ် တူးလော့စ်တို့ဟာ ရမှတ် ၂ မှတ်ပဲ ကွာဟပါတော့တယ်။

ကလော့ပ်က ‘ အဲ့ဗီဒီယိုကို ကျနော် ကြည့်ပြီးပါပြီ။ လက်ထိဘော မဟုတ်ပါဘူး။ ဘောလုံးက ချက်ကို သွားထိခဲ့တာပါ။ လက်ကိုထိသွားတာလို့ ကျနော် မမြင်ပါဘူး။ ဒိုင်တွေက ကျနော် မြင်ခဲ့တာမျိုး မဟုတ်တဲ့ အခြား ဓါတ်ပုံကို မြင်ရတာ ဖြစ်ရင်ဖြစ်မှာပေါ့။

တကယ်တမ်းကတော့ ကျနော်တို့ ပိုကောင်းကောင်း ကစားနိုင်ဖို့ကိုပဲ သဘောကျပြီး အဲ့အတွက်ပဲ စိတ်ပူမိပါတယ်။ ဒီည အတွက် အဲ့တာကပဲ အဓိက ကိစ္စပါ။ ရှုံးဖို့ ထိုက်ထိုက်တန်တန်နဲ့ ရှုံးခဲ့တာပါပဲ။ ကျနော်တို့ ရသင့်တဲ့ ဘောလုံးတွေ ကိုလည်း ရအောင် မလုပ်နိုင်ခဲ့ဘူး။

၃ ဂိုးပေးလိုက်ရပေမယ့် နိုင်လောက်တဲ့ သွင်းဂိုးတွေ သွင်းဖို့ အခွင့်အရေးတွေ ရခဲ့ပါသေးတယ်။ အခုချိန်မှာတော့ ဒါတွေကို လက်ခံရမှာပါ။ ဒီရလဒ်က ကျနော်တို့နဲ့ ထိုက်တန်ပါတယ် ‘ လို့ ပြောဆိုသွားပါတယ်။

လက်ရှိမှာ လီဗာပူးက ရမှတ် ၉ မှတ်ဖြင့် အုပ်စုဗိုလ်နေရာမှာ ရှိနေပြီး တူးလော့စ့်ကတော့ ၇ မှတ်ဖြင့် ဒုတိယနေရာမှာ ရှိနေတာပါ။ ယူရိုပါလိဂ် အုပ်စု ဒုတိယနေရာက အသင်းဟာ ချန်ပီယံလိဂ်ကနေ ဆင်းလာမယ့် ပြိုင်ဘက်တွေနဲ့ play-off ကစားရမှာမို့ အုပ်စုဗိုလ် ရရေးက အရေးကြီးပါတယ်။