နာမည်ကြီး အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချယ်ဆီး ဘယ်လိုတွေ လုပ်လာဖွယ် ရှိမလဲ ဆိုတာ သုံးသပ် ဆွေးနွေးလာပါတယ်။
လာမယ့် ဇန်နဝါရီမှာတော့ ဟုန်းဟုန်းတောက်မယ့် ခေါ်ယူမှုကြီးတွေ ချယ်ဆီးမှာ မရှိလောက်ဘူး လို့ ရိုမန်နိုက ယူဆထားပါတယ်။
” ကျွန်တော်ကတော့ ချယ်ဆီးကို ပါးနပ်မယ်လို့ ထင်ပါတယ်။ လက်ရှိ အချိန်ထိလည်း သတင်းထူး မရှိသေးပါဘူး။ သူတို့ အသင်းပိုင်ရှင်တွေ၊ ဒါရိုက်တာတွေ၊ မန်နေဂျာတွေ ကိစ္စတွေကြောင်း သတင်း တွေ အများကြီးလည်း ထွက်ခဲ့ပြီးပါပြီ။ အခုလို ငြိမ်သက်နေတာက အကောင်းဆုံး နည်းလမ်းပါ။
တိုက်စစ်မှုး တစ်ယောက် ခေါ်ဖို့က သူတို့အတွက် ဦးစားပေး ကိစ္စပဲ။ ကျွန်တော်တို့ ဗစ်တာ အိုဆင်ဟမ်၊ အိုင်ဗန် တိုနေးတို့ကို ထည့် ပြောခဲ့ပြီးပြီ။
အိုဆင်ဟမ်နဲ့ ပတ်သတ်ပြီးလည်း ဘာမှ မထူးသေးဘူး။ သူ ဇန်နဝါရီမှာ ပြောင်းရွှေ့လာဖွယ် မတွေ့မိဘူး။ နွေကျရင်တော့ မတူညီလောက်ပါဘူး။
တိုနေး အခြေအနေကတော့ နည်းနည်း မတူဘူး။ သူက ထိပ်တန်း ကလပ် အသင်း တစ်သင်းမှာ ကစားချင်တယ်၊ ချယ်ဆီးကလည်း စိတ်ဝင်စားနေတုန်းပဲ။ ဒီတော့ သူတို့ ဒီအခြေအနေကို အခွင့်ကောင်း ယူမလား ကြည့်ရမှာပါ။ ဒါပေမယ့် အခုထိ တော့ ညှိနှိုင်းမှု မရှိသေးဘူး။
ကျွန်တော် ချယ်ဆီးက ဗဟိုခံစစ် အသစ် တစ်ယောက် ခေါ်လာဖို့တော့ မျှော်လင့်မိတယ်။ သူတို့ကလည်း ဈေးကွက်ထဲ ရှာဖွေနေမှာပါ။ ဒါပေမယ့် ဘာမှတော့ မဆုံးဖြတ်ရသေးဘူးပေါ့။
အခြေအနေတွေ လေ့လာ သုံးသပ်နေတုန်းပဲ။ ဒါပေမယ့် ၂၀၂၄ ထဲမှာတော့ သူတို့ ဒီနေရာကို ဖြည့်မှာ သေချာပါတယ်။” လို့ ရိုမန်နိုက သုံးသပ် ဖော်ပြလာတာ ဖြစ်ပါတယ်။