မန်ချက်စတာ ယူနိုက်တက်ဟာ တချိန်က ပရီးမီးယားလိဂ်မှာ မအောင်မြင်ခဲ့လို့ ဂျာမနီမြေသို့ ပြန်သွားရတဲ့ ချယ်ဆီး တိုက်စစ်မှုးဟောင်း တီမိုဗာနာကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းထားကြောင်း အံ့အးသင့်ဖွယ် သတင်းထွက်လာပါတယ်။
အသင်းဟောင်းထံ ပြန်သွားတာ ဖြစ်ပေမယ့် ဗာနာက လိုက်ပ်ဇစ်မှာလည်း ခက်ခဲတဲ့ အနေအထား ရင်ဆိုင်နေ ရပါတယ်။
ဂျာမန် လက်ရွေးစင် ကစားသမား ဟာ ဒီရာသီ ဘွန်ဒစ်လီဂါကလပ် အတွက် ၁၃ ပွဲသာ ပါဝင်ထားပြီး ထိုထဲက ၃ ပွဲကသာ ပွဲထွက် လူစာရင်းကနေ ပါဝင်ခွင့် ရထားတာပါ။ ထိုပွဲတွေထဲမှာ ဗာနာက ၂ ဂိုး သွင်း ၁ ဂိုး ဖန်တီးမှု ပြုလုပ်ထားပါတယ်။
တီမိုဗာနာ ဟာ ချယ်ဆီးအသင်းမှာလည်း ၂၀၂၀ ကနေ ၂၀၂၂ အတွင်း ကစားခဲ့ ရပါသေးတယ်။ ချယ်ဆီး အတွက် ပြိုင်ပွဲစုံ ၈၉ ပွဲ ကစားခဲ့ရာမှာ ၂၃ ဂိုး သွင်း ၂၁ ဂိုး ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။
နည်းပြတန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ တိုက်စစ်ပိုင်းမှာ အင်အားနည်းနေဟန် ရှိနေပါတယ်။ ဟွိုင်လန်းကလည်း ချန်ပီယံလိဂ်မှာသာ ဂိုးသွင်းပေမယ့် ပရီးမီးယားလိဂ် သွင်းဂိုး မရသေးပါဘူး။ မာရှယ်နဲ့ ရက်ဖို့ဒ်ကလည်း အကောင်းဆုံး အနေအထားမှာ ရှိမနေပါဘူး။
တီမိုဗာနာ ကို ယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်နေသလို ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ကလည်း ချိန်ရွယ်နေပါတယ်။
၂၀၂၅-၂၆ ရာသီကုန်မှာ လိုက်ပ်ဇစ်နဲ့ စာချုပ်ကုန်မယ့် တီမိုဗာနာ ဟာ လက်ရှိ ဈေးကွက် ပေါက်ဈေး ယူရို သန်း ၂ဝ ရှိပါတယ်။