လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ သူ ရင်ဆိုင်ခဲ့ဖူးသမျှ အသင်းတွေထဲမှာ အကောင်းဆုံး အသင်းက ဘယ်အသင်းလဲ ဆိုတာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကာရေဂါ အတွက် အိပ်မက်ဆိုး တစ်ခုလိုတောင် ဖြစ်ခဲ့ရတဲ့ အသင်းကတော့ သူတို့ခေတ်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးတို့ မဟုတ်ခဲ့ပါဘူး။

၁၇ နှစ်တာ အန်းဖီးမှာ ကစားခဲ့တဲ့ ကစားသမားဘဝမှာ ကာရေဂါ အတွက် အကြီးမားဆုံး ပြိုင်ဘက် အသင်း ကတော့ ရွှေဖလား ယူခဲ့တဲ့ အာဆင်နယ် အသင်းပဲ ဖြစ်ပါတယ်။

” ကျွန်တော် ကစားသမားဘဝမှာ ဂရိတ် အသင်း တချို့နဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ဖလား ၃ လုံး ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်။ ရော်နယ်ဒို၊ တီဗက်ဇ်၊ ရွန်းနီတို့ ပါတဲ့ ယူနိုက်တက်။ မော်ရင်ညိုရဲ့ ချယ်ဆီးအသင်း။

ဒါပေမယ့် ကျွန်တော် တစိုက်မတ်မတ် ပြောခဲ့တာ ရှိပါတယ်။ ၂၀၀၂-၀၄ က အာဆင်နယ် အသင်းဟာ ကျွန်တော် ရင်ဆိုင်ဖူးတဲ့ထဲမှာ အကောင်းဆုံး အသင်းပါပဲ။ သူတို့ကြောင့် ပွဲ ကစားရင်ကို စိတ်ဓာတ်ပိုင်း အပေါ် သက်ရောက်မှု ရှိခဲ့တယ်။

သူတို့နဲ့ ကစားရမယ် ဆိုရင်ကို လူက မသက်မသာ ဖြစ်နေပြီ။ ကျွန်တော်က လုံလောက်အောင် မကောင်းဘူးတို့၊ စိတ်ဓာတ်ပိုင်း မမာဘူးတို့ ခံစားမိခဲ့ရတယ်။ သူတို့နဲ့တွေ့ရမယ် ဆို လူက ပိုပြီး သိမ်ငယ်၊ အားနည်းသွားခဲ့ရတယ်။

ယူနိုက်တက်နဲ့ ရင်ဆိုင်ရတယ် ဆိုရင် သူတို့က ကျွန်တော်တို့ထက် ပိုသာပြီ ဆိုတာ သိနေရင်၊ ဒါမှမဟုတ် ချယ်ဆီး ဆို နည်းနည်း သာလောက်တယ် သိနေရင်တောင် ပွဲကောင်း ကစားရမယ်ပဲ စိတ်ထဲ ရှိတာ။ အာဆင်နယ်ရဲ့ အဲဒီ အသင်းကတော့ လူရဲ့ စိတ်ကိုပါ လာ ထိတာ။ ” လို့ ကာရေဂါက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။