ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲတွေဟာ ဒီဇင်ဘာလ ဒုတိယပတ်မှာ ကစားဖို့ ရှိနေ သေးပေမယ့် မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ရှုံးထွက်အဆင့်ထံ အုပ်စုဗိုလ်တွေ အနေနဲ့ တက်ရောက်သွားကြပြီ ဖြစ်ပါတယ်။

လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ အင်္ဂလန်ကလပ် ၂ သင်းအပေါ် ယုံကြည်မှုတွေ အတော်လေး များပြားနေကာ အာတီတာရဲ့ အသင်းကို ဥရောပမှာ အနိုင်ယူနိုင်မယ့် အသင်းက တစ်သင်းတည်း ရှိတယ်လို့ ဆိုလာခဲ့ပါတယ်။

၇ နှစ်ကြာ ဝေးကွာနေတဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်လည် ပါဝင်လာပြီးနောက် ၁ ပွဲ တည်းပဲ အရေးနိမ့်ထားကာ ပြိုင်ပွဲရဲ့ အင်အားအကောင်းဆုံး ကလပ်တွေထဲ ပါဝင်လာနေခဲ့ပါပြီ။

CBS Sports ကနေ ကာရေဂါက “ အာဆင်နယ်က ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား စိန်ခေါ်နိုင်ပါလိမ့်မယ်။ သူတို့မှာ ချန်ပီယံလိဂ်ဖလား မကြာခဏ အနိုင်ရဖူးတဲ့ ဘိုင်ယန်မြူးနစ်လိုတော့ သမိုင်းကောင်း မရှိပါဘူး။

ဘိုင်ယန်မြူးနစ်က အာဆင်နယ်ထက် ပိုကောင်းတဲ့အသင်းလို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဟာ အရင်ကလည်း ချန်ပီယံလိဂ် အောင်မြင်ဖူးတော့ သူတို့ ဒီတစ်ကြိမ်လည်း လုပ်နိုင်မှာပဲ ဆိုတဲ့ ခံစားချက်မျိုး ပေးနေခဲ့တာပါ။

တကယ်တော့ ဒီရာသီ ချန်ပီယံလိဂ်မှာတော့ အာဆင်နယ်ထက် ပိုကောင်းနေတာဆိုလို့ မန်စီးတီး တစ်သင်းတည်း ရှိပါလိမ့်မယ် ” ဆိုပြီး မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။

အာတီတာလက်ထက်မှာ အင်္ဂလန်တင် မကဘဲ ဥရောပမှာပါ ထိပ်တန်း အသင်း အဆင့်ကို ပြန်ရောက် လာတဲ့ အာဆင်နယ်ဟာ ဆုဖလားတွေအတွက် ထိပ်ဆုံးက ထည့်တွက်ခံရတဲ့ အသင်းတစ်သင်း ဖြစ်လာနေပြီ ဖြစ်ပါတယ်။