သရဲနီဟာင်းကြီး ရွိုင်ကိန်းကတော့ ဒီရာသီ မန်စီးတီးတို့ ချန်ပီယံဆုကို ကာကွယ်နိုင်မယ့်အပေါ် သူ သံသယတွေ စဝင်လာပါပြီလို့ မန်စီးတီး – စပါး သရေပွဲ အပြီးမှာ ပြောဆိုလိုက်ပါတယ်။
ဒီရာသီမှာ အမှတ်ပေးဇယား ပထမ နေရာအတွက် မန်စီးတီး အသင်းအား အာဆင်နယ်နဲ့ လီဗာပူးတို့ တောက်လျောက် ဖိအားပေးနေကာ ပြီးခဲ့တဲ့ ရာသီတွေအတွင်း ၂ သင်းတည်း အပြိုင် ဖြစ်နေခြင်းမျိုးကနေ ကွဲထွက်လာနေပါတယ်။
မန်စီးတီးဟာ အိမ်ကွင်းမှာ လီဗာပူး၊ စပါးတို့ကို ဆက်တိုက် အမှတ်တွေ ခွဲပေးရတဲ့နောက် ယခင် ရာသီတွေတုန်းကလို အနိုင်ယူနိုင်စွမ်း မြင့်မားလွန်းတဲ့ အသင်းတစ်သင်း အဆင့်မျိုးမှာ ရှိမနေတော့ပါဘူး။
လက်ရှိ အမှတ်ပေးဇယား ကိုလည်း အာဆင်နယ်က ဦးဆောင်နေပါပြီ။ စီးတီးတို့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေနဲ့ ပတ်သတ်ပြီး ရွိုင်ကိန်းက ခုလို ပြောဆိုလာပါတယ်။
” မန်စီးတီးကို ဘက်ကန်ပြီး ကျနော် လောင်းကြေး မထပ်ရဲတာတော့ သေချာပါတယ်။ ဒါပေမယ့် အမှတ်ပေး ဖလားကို စီးတီးတို့ အနိုင် ရမလား အပေါ်မှာ ကျနော် သံသယတွေ စဝင်နေပါပြီ။
အဲ့လိုထင်ရတာကလည်း အကြောင်းရင်းရှိတယ်။ ပရီးမီးယားလိဂ်ဖလားကို ၄ ရာသီဆက် အနိုင်ရတဲ့ အသင်းတစ်သင်း မရှိဖူးပါဘူး။ ဒီလို အမြင့်ဆုံး အဆင့် ဆာလာအောင်မှုတွေ၊ ဆန္ဒပြင်းပြမှုတွေကို ထိန်းဖို့က မလွယ်ပါဘူး။ ဒဏ်ရာ ပြဿနာနဲ့ ကစားသမား အပြောင်းအလဲကလည်း ရှိနေပါသေးတယ်။
အာဆင်နယ်နဲ့ လီဗာပူးတို့ကိုလည်း ကျနော် စောင့်ကြည့်နေမှာပါ။ အထူးသဖြင့် အာဆင်နယ်က လူစာရင်း တောင့်တင်း သန်မာမှု ရှိသလို မနှစ်ကထက် အတွေ့အကြုံ ပိုများလာပါတယ်။ ” လို့ ရွိုင်ကိန်း က သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဒီအပတ်မှာ မန်စီးတီးတို့ ရမှတ် ထိခိုက်ခဲ့ပေမယ့် အာဆင်နယ်နဲ့ လီဗာပူးတို့ကတော့ နိုင်ပွဲတွေ ဆက်လက် ရယူသွားခဲ့ကြတာကြောင့် အဆင့် ၁နဲ့ ၂ နေရာ အသီးသီးယူသွားပြီး စီးတီးတို့ တတိယ နေရာ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။