ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲအဖြစ် မနေ့ညက ဘယ်ဂျီယံကလပ် ယူနီယံစိန့်အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကာ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် ထိုပွဲ ရလဒ်ဟာ အရေးမပါတော့ဘဲ လီဗာပူးအသင်းက ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်သွားပါတယ်။

ဒီပွဲပြီးရင် ယူနိုက်တက်နဲ့ အမှတ်ပေးပွဲရှိနေတာကြောင့် နည်းပြကလော့ပ်ဟာ အဓိက ကစားသမား အားလုံးနီးပါးကို အနားပေးပြီး ရှိသမျှ လူငယ်တွေကိုပဲ ပွဲထုတ်သွားခဲ့ကာ ဒဏ်ရာပြဿနာ ရှောင်ရှားဖို့ စီမံသွားခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူး ပွဲထွက်လူစာရင်း ပျှမ်းမျှအသက်ဟာ ၂၁.၉ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးက ၃၀ နှစ်အရွယ် အန်ဒိုဖြစ်ကာ သူ့ထက် ၅ နှစ်ပိုငယ်တဲ့ ဂက်ပိုနဲ့ ကိုနတေးတို့ နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဂိုးသမားအဖြစ် ၂၄ နှစ်အရွယ် ကလယ်ဟာ တာဝန်ယူတာကလွဲလို့ အကယ်ဒီထွက်တွေချည်း ပွဲထုတ်ပါတယ်။

နည်းပြကလော့ပ်ဟာ အယ်လီဆန်၊ ဗန်ဒိုက်၊ ဆာလာ၊ ထရန့်တို့ကို ခေါ်တောင် မလာခဲ့ဘဲ ချမ်ဘာ၊ ဘရတ်ဒလေလို လူငယ်ခံစစ်သမားတွေနဲ့ ဂေါ်ဒန်၊ ဗန်ဒုတ်လို လူငယ်တိုက်စစ်သမားတွေကို နေရာပေးခဲ့ပါတယ်။

လီဗာပူးအတွက် သွင်းဂိုးကတော့ အသက် ၂၀ အရွယ် ခံစစ်မှူး ကွမ်းဆက်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်တွေအဖြစ်လည်း လူငယ်တွေနဲ့ ဂရာဗင်ဘက်ချ်၊ ဂိုးမက်စ်တို့လို ပွဲကစားချိန် လိုအပ်နေသူတွေကိုပဲ ထည့်ခဲ့တာကြောင့် နည်းပြကလော့ပ်ဟာ ရလဒ်ထက် အားမွေးနိုင်ဖို့ပဲ ရည်ရွယ်ကြောင်း သိသာခဲ့တယ်။

ဒီအပတ် တနင်္ဂနွေနေ့မှာတော့ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။