ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုနဲ့ ယူနိုက်တက် အကြီးအကဲ ဂျွန်မက်တော့ပ် တို့ဟာ တနင်္လာနေ့က စပိန်မှာ တွေ့ဆုံမှု လုပ်ခဲ့ကြပါတယ်။

၎င်းတို့ နှစ်ဦးအပြင် ဘောလုံးအေးဂျင့်တွေဖြစ်တဲ့ Frank Trimboli, Fede Massai တို့နဲ့တကွ ကလပ်တွေရဲ့ တာဝန်ရှိသူတွေဟာလည်း ဆွေးနွေးမှုမှာ ပါဝင်ခဲ့ကြတယ်လို့ သိထားရတယ်။

သူတို့တွေ ဘာကြောင့် တွေ့ဆုံတယ်ဆိုတာကို မသိရသေးပေမယ့် ကလပ်နှစ်သင်းဟာ အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စ စကားပြောနေကြတာပါလို့ စပိန်သတင်းတွေက ဖော်ပြပါတယ်။

ဘာစီလိုနာဟာ ယူနိုက်တက်ကနေ ဂီတာဖေးကို အငှားလာကစားနေတဲ့ အင်္ဂလန်သား တိုက်စစ်မှူး ဂရင်းဝုဒ်ကို အတော်လေး သဘောကျနေတာပါ။ အသငက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ လာမယ့်ရာသီမှာလည်း အိုးထရတ်ဖိုဒ့်မှာ ကစားခွင့်ရဖို့ မသေချာသေးပါဘူး။

ယူနိုက်တက်နဲ့ ဂရင်းဝုဒ်ကြား စာချုပ်က ၂၀၂၅ ခုနှစ်ထိပဲ ရှိတာမို့ ဒီနွေမှာ ပေါင် သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းချသွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ကလည်း ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်းကို ကာလရှည် ပစ်မှတ်ထားနေတာပါ။ ဒီအခွင့်အရေးမှာ ဂရင်းဝုဒ်ကို ရောင်းချပြီး ဒီဂျောင်းကို ပြန်ခေါ်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဟာ ယူနိုက်တက် လူစာရင်းကို ထိပ်သီးအသင်းတွေကြား ဝင်ဆံ့အောင် ပြန်လည် စုဖွဲ့လိုနေတာကြောင့် ဒီနွေမှာ အသုံးစရိတ်တွေ ထုတ်လာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။