ပြည်တွင်းရွှေစျေးတွေဟာ သင်္ကြန်ကာလ ပိတ်ထားပြီး ဈေးကွက် ပြန်အဖွင့်မှာ ဘယ်ဈေးနဲ့ ဖွင့်လာမလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။

ဒီကာလတွေအတွင်း ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးစံချိန်နားမှာ ဆက်ရှိနေကာ ဒီနေ့ ဧပြီ ၁၈ ရက်မှာ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၃၈၀ ဒေါ်လာဝန်းကျင် ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းရေးရာအဖြစ် အီရန်နဲ့ အစ္စရေးကြား တင်းမာမှုအပြင် ယူကရိန်းစစ်ရေး၊ အမေရိကန်ရဲ့ ဘဏ်အတိုးနှုန်းတွေဟာလည်း ကမ္ဘာရွှေစျေး အမြင့်တန်းမှာ ဆက်ရှိနေရခြင်းရဲ့ အကြောင်းတရားတွေပါ။

ရုရှား ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်း အရေးတို့နဲ့အတူ ဒေါ်လာအပေါ် ယုံကြည်မှု ကျဆင်းလာနေပါတယ်။ ကမ္ဘာ့အရေးရှုပ်ထွေးနေမှုမှာ ကပ်ကျော်ပစ္စည်းအဖြစ် လူတွေက ရွှေကို ပိုမို ဝယ်ယူလိုခြင်းကြောင့်လည်း ကမ္ဘာ့ရွှေစျေးမြင့်တက်နေပါတယ်။

ပြည်တွင်းရွှေ စျေးကွက်ဟာလည်း နိုင်ငံတကာရေးရာတွေအပြင် လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ သက်ရောက်မှုတွေ ရင်ဆိုင်နေရပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး အမြင့်တန်းကိုရောက်နေတဲ့ ရွှေစျေးဟာ လွယ်လွယ်ကူကူ ပြန်ကျရိပ် မမြင်သေးပါဘူး။

သင်္ကြန်ကာလမတိုင်ခင် ၄၇၁၀၀၀၀ နဲ့ ပိတ်သိမ်းထားတဲ့ ပြည်တွင်းရွှေဟာ နှစ်ဆန်း ၂ ရက်နေ့မှာတော့ ၄၇၉၀၀၀၀ ဝန်းကျင်ကို ရောက်ရှိနေပါတယ်။ ပြည်တွင်း ရွှေစျေးမှာ အမြင့်ပိုင်းတွင် ဆက်ရှိနေတယ်လို့လည်း ရွှေကုန်သည်အချို့က သုံးသပ်ပြောကြားထားပါတယ်။