သောကြာနေ့ ကမ္ဘာ့ရွှေစျေးဟာ 2391.20💲 မှာ တစ်ပတ်တာ ဈေးကွက်ပိတ်သွားပါပြီဖြစ်ပြီး နောက်တစ်ပတ်ထဲ 2400💲 အထက်မှာ မြင်ရဖို့များပါတယ်။

အစ္စရေးက အီရန်ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တယ်ဆိုတဲ့ အမေရိကန်အရာရှိတွေပြောတဲ့သတင်း ဧပရယ်လ ၁၉ ရက်နေ့ သောကြာနေ့ ထွက်လာပြီးတဲ့နောက် ကမ္ဘာ့‌စက်သုံးဆီဈေး၊ ရွှေဈေးဟာ ခုန်တက်သွားခဲ့ပါတယ်။

သောကြာနေ့ မနက်ပိုင်း အာရှကုန်သွယ်ရေးမှာ ရေနံစိမ်းဈေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ နီးပါး မြင့်တက်ခဲ့ပြီး ရွှေဈေးကတော့ တစ်အောင်စကို ဒေါ်လာ ၂,၄၀၀ ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

အီရန်က ကမ္ဘာမှာ စက်သုံးဆီ အများဆုံးထုတ်လုပ်နိုင်တဲ့ နံပါတ် ၇ နိုင်ငံဖြစ်တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခဟာ ကမ္ဘာ့စက်သုံးဆီစျေးကွက်အပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက အီရန်ရဲ့ အစ္စရေးကို ဒရုန်းနဲ့တာဝေးပစ်ဒုံးတိုက်ခိုက်မှုပြီးကတည်းက အစ္စရေးဘယ်လိုတုံ့ ပြန်မယ်ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက အနီးကပ် လေ့လာစောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ သင်္ကြန်ကာလအလွန် ရွှေစျေးကွက်ဟာ လာမယ့်အပတ် တနင်္လာနေ့လောက်မှာ ပြန်လည် လည်ပတ်လာမှာပါ။ လက်တလောမှာတော့ ပြည်တွင်းရွှေစျေးဟာ ၄၈၂၀၀၀၀ ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

မြန်မာရွှေစျေးဟာ အမြင့်တန်းမှာ ရောက်နေပေမယ့် ပြည်တွင်းမှာကလည်း အရောင်းအဝယ် လုပ်ဖို့ရာ ခက်ခဲတဲ့ အခြေအနေမျိုးတွေ ရှိလာနေပါတယ်။ လက်ရှိ အခြေအနေတွေအရ အကျဘက်နည်းပြီး အတက်ဘက်ကို ပိုမို ဦးတည်နေပါတယ်။

အသုံးလိုမှု နည်းမယ်ဆိုရင် ရွှေကို ဆက်ကိုင်ထားသင့်ပါတယ်။ အဝယ်သမားတွေ အနေနဲ့လည်း ရေရှည်အတွက် ရည်ရွယ်မှပဲ ဝယ်သင့်ပါတယ်။