မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ကိုဗန်ထရီကို အနိုင်ရခဲ့ပေမယ့် အောင်ပွဲခံရမှာတောင် ရှက်မိကြောင်း ရွိုင်ကိန်းက ပြောလာပါတယ်။

ယူနိုက်တက်ဟာ ၃-၀ နဲ့ ပွဲကို ဦးဆောင်ထားပေမယ့် မိနစ် ၉၀ အပြည့်ခင် ၃-၃ ရလဒ် ပေါ်ထွက်ခဲ့တာပါ။ အချိန်ပို မိနစ် ၃၀ နောက်ဆုံး မိနစ်ရောက်ချိန် ကိုဗန်ထရီက အနိုင်ဂိုး သွင်းပေမယ့် VAR က မပေးလို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ပါတယ်။

ရွိုင်ကိန်းက ‘ ဖိုင်နယ်တက်အပြီး အချို့ ယူနိုက်တက် ကစားသမားတွေနဲ့ ပရိသတ်တွေ အောင်ပွဲခံခဲ့ကြခြင်း မရှိပါဘူး။ ပွဲကို အနိုင်နဲ့ သိမ်းလိုက်ပေမယ့် သူတို့ အတော်လေး အရှက်ရခဲ့ပါတယ်။

ဒီယူနိုက်တက် အသင်းကို သဘောကို မကျတာပါ။ ခေါင်းဆောင်မှုကော စရိုက်တွေကောက ယူနိုက်တက်အသင်းလို့ကို မထင်ရဘူး။ ဒီနေ့လည်း ကံကောင်းလို့ နိုင်သွားတာပါ။ ‘ လို့ ဝေဖန်ခဲ့ပါတယ်။

ကစားသမားဟောင်းတွေက ဝေဖန်နေကြပေမယ့် ဒီနိုင်ပွဲကို ရှက်စရာ မလိုကြောင်းနဲ့ ဖိုင်နယ်တက်ရောက်ခြင်းကို ဂုဏ်ယူကြဖို့ နည်းပြတန်ဟက်က တိုက်တွန်းခဲ့ပါတယ်။

” ခံစားချက်တွေ ရောထွေးနေပေမယ့် အားလုံး ဒီနိုင်ပွဲကို ပျော်လို့ရပါတယ်။ ဒါရှက်စရာ မဟုတ်ပါဘူး။

ကုန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာတောင် ယူနိုက်တက်က အက်ဖ်အေဖလား ဖိုင်နယ်ကို ၅ ကြိမ်ပဲ ရောက်ခဲ့ဖူးတာ။ အခုဆို ၂ နှစ်ဆက်တိုက် တက်နိုင်ခဲ့တာမို့ ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ” လို့ တန်ဟက်က သတိပေးခဲ့တာဖြစ်ပါတယ်။