မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေနဲ့ ကားစျေးကွက်တွေဟာ ယခင်နှစ်တွေကလို မဟုတ်ဘဲ ဝင်ရောက် လှုပ်ရှားသူ နည်းပါးလာနေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောလာပါတယ်။

အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် နယ်ဝယ်လက်တွေရဲ့ ကားဝယ်ယူမှု နည်းပါးသွားကြောင်း မန္တလေးအခြေစိုက် ကားဝယ်ရောင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောလာပါတယ်။

အရင်ကဆိုရင် သင်္ကြန်အပြီးကာလတွေမှာ ကျောင်းသားမိဘတွေက ကလေးများအတွက် ကားဝယ်ယူမှုတွေ ရှိနေပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြားပဲ နယ်ဝယ်လက်တွေ အေးနေတာပါ။

တဖက်မှာလည်း နိုင်ငံခြားကို သွားရောက်ပညာသင်ကြားစေဖို့အတွက် မိမိတို့ပိုင်ဆိုင်တဲ့ ကား၊ အိမ်ခြံမြေ စတာတွေကိုလည်း ပြန်လည်ရောင်းချမှုတွေ ရှိနေပါတယ်။ ရန်ကုန်၊ မန္တလေးထက်စာရင် ထိုင်းမှာ ကွန်ဒို ဝယ်လိုအားကလည်း အများကြီး တက်လာနေပါတယ်။

ရန်ကုန်မှာဆိုရင် ကွန်ဒို၊ တိုက်ခန်း အငှားစျေးကွက်ကပဲ အလုပ်ဖြစ်နေပြီး အဝယ်တွေ အေးလာနေတာပါ။ မြေအရောင်းအဝယ် အနည်းငယ်ဖြစ်ပေမယ့် စိတ်ဝင်စား ရင်းနှီးမှုကတော့ ယခင်နှစ်တွေထက်စာရင် အများကြီး ကျဆင်းလာပါတယ်။

ရန်ကုန်ကားဈေးကွက်မှာတော့ စက်သုံးဆီကားတွေနဲ့အပြိုင် လျှပ်စစ်သုံး EV ကားတွေကို ရောင်းချနေလို့ ဈေးကွက်အတွင်း အရောင်းပိုလာပါတယ်။ လက်တလောမှာ ရန်ကုန်ဈေးကွက်အတွင်း ကျပ်သိန်း ၅၀၀ တန်ကားတွေမှာ သိန်း ၄၅၀ ဝန်းကျင်အထိ ဈေးချရောင်းနေပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့ ကားဈေးကွက်မှာ တိုးတက်မှုနည်းပါးနေသလို လျှပ်စစ်စွမ်းအင်သုံး လူစီး EV ကားတွေလည်း ဈေးကွက်မတွင်ကျယ်သေးကြောင်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။

အိမ်ခြံမြေနဲ့ ကားလောကထဲ ဝင်ရောက် မြုပ်နှံဖို့ထက်ငွေဖော်ဖို့ရာ ပိုမို လွယ်ကူတဲ့ ရွှေစျေးကွက်ထဲ ဝင်ရောက် ရင်းနှီးမှုတွေ လုပ်နေကြတယ်လို့ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းတွေနဲ့ ကားလုပ်ငန်းရှင်တွေဘက်က မှတ်ချက်ပေးလာတာ ဖြစ်ပါတယ်။