လီဗာပူးအသင်းဟာ ဖီယင်နုနည်းပြ အန်းစလော့ပ်အတွက် တရားဝင် ကမ်းလှမ်းမှု စတင်လိုက်ပြီး နယ်သာလန်ကလပ်ဘက်က ပယ်ချလိုက်ပါတယ်။

အန်ဖီးကလပ် တာဝန်ရှိသူတွေဟာ ကလော့ပ်နေရာ အစားထိုးဖို့ အသက် ၄၅ နှစ်အရွယ် နယ်သာလန်သား နည်းပြ အန်းစလော့ကို ဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။ အန်းစလော့အတွက် ပေါင် ၇.၇ သန်းဖြင့် ကမ်းလှမ်းရာမှာ ပယ်ချခံခဲ့ရခြင်းဖြစ်ပါတယ်။

လီဗာပူးဘက်က နယ်သာလန်သား နည်းပြနဲ့ စကားပြောဆိုထားကာ ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှုကိုတော့ ရယူထားခဲ့ပြီး ဖြစ်လို့ ကလပ် ၂ သင်းကြား ညိနှိုင်းမှုက ရှေ့ဆက်လာဦးမှာပါ။

ဖီယင်နုဘက်က ပြောင်းရွှေ့ကြေး ပိုရလိုနေတာကြောင့် ပိုကောင်းတဲ့ စာချုပ်တွေနဲ့ နောက်ထပ် ကမ်းလှမ်းမှုပေးသွားဖို့ ရှိနေပါတယ်။ ဖီယင်နုဘက်က ပေါင် ၁၀ သန်း အထက် လိုချင်နေတာလို့ သိထားရပါတယ်။

အန်းစလော့ဟာ သူတစ်ဦးတည်း လီဗာပူးကို ပြောင်းလာမှာ မဟုတ်ဘဲ လက်ထောက်နည်းပြ Sipke Hulshoff ပါမယ်လို့ သိထားရတယ်။ တရားဝင် ကြေညာချက်ကိုတော့ တနင်္ဂနွေနေ့မှ ထုတ်ပြန်ဖွယ်ရှိပါတယ်။

ဒီအပတ် တနင်္ဂနွေနေ့မှာ ဖီယင်နုအသင်းဟာ ဒတ်ချ်လိဂ်ဖလား ဖိုင်နယ်ပွဲ ကစားရမှာမို့ အဲ့မတိုင်ခင် သတင်းထူးတွေ ထုတ်ပြန်တာမျိုး မလုပ်ဘဲ နယ်သာလန်ကလပ်အပေါ် လေးစားမှု ပြသပေးမှာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကတော့ အန်းစလော့ကို ဦးစားပေးအဖြစ် ရွေးချယ်ထားပေမယ့် လီဗာပူးအသင်းဟာ အခြားသော နည်းပြတွေကို အကဲဖြတ်မှုတွေလည်း ဆက်လက် လုပ်ဆောင်နေဆဲပါ။