ဒီနေ့ မနက်အစောပိုင်းမှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အာဆင်နယ်က ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ပင်နယ်တီ ဆက်ကန်ရာမှာတော့ ယူနိုက်တက်က ၄-၃ နဲ့ အနိုင်ရခဲ့ပြန်ပါတယ်။

အကြိတ်အနယ်ရှိခဲ့ကြတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားခဲ့တဲ့ လော့စ်အိန်ဂျလိစ်က ပွဲမှာ ပွဲရလဒ်အပြင် အောင်နိုင်သူတွေ ရှိခဲ့ပါတယ်။

ထိုသို့ အနိုင်ရသူတွေကတော့ တင်းဘားနဲ့ အာတီတာရဲ့ ခံစစ်ပါ။ တင်းဘားဟာ ပြီးခဲ့တဲ့ရာသီ တစ်ခုလုံးနီးပါး ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ရာသီကြိုကိုလည်း ဝင်ကစားပေးနိုင်မလားဆိုတာ မသိရတဲ့အခြေအနေနဲ့ ဖြတ်သန်းခဲ့တာပါ။

နည်းပြ အာတီတာက အသက် ၂၃ နှစ်အရွယ် နောက်ခံလူရဲ့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေအောင် သူလုပ်နိုင်တဲ့အပိုင်းကနေ လုပ်ပေးခဲ့ပြီး အထူးသဖြင့် လာမယ့်ရာသီ မန်စီးတီးတို့ ၅ နှစ်ဆက်ချန်ပီယံမဖြစ်အောင် တားဆီးနိုင်ဖို့အတွက် ဒတ်ချ်နောက်ခံလူရဲ့ အားကို မဖြစ်မနေလိုအပ်မှာပါ။

ပထမဆုံး ရာသီကြိုပွဲစဉ် ၂ ပွဲမှာ တင်းဘားက ပွဲကစားချိန်ရလာတာနဲ့အမျှ ယုံကြည်မှု ပြန်ရလာခဲ့ပြီး ဘုန်းမောက်နဲ့ပွဲမှာ ၆၃ မိနစ် ကစားပေးခွင့်ရခဲ့လို့ ပုံမှန်ခြေစွမ်း ပြန်ရလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလည်း နောက်ထပ်တစ်ကြိမ် ပွဲထွက်ခွင့်ရခဲ့ပြီး ဒီပွဲမှာလည်း တင်းဘားက ယုံကြည်မှုရှိတဲ့ ကစားပုံမျိုးဆက်လက်ပြသခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ပွဲထက် ပွဲကစားချိန် ၂ မိနစ်လျော့ပြီး ရခဲ့တာပါ။

ယူနိုက်တက်ဟာ ပထမပိုင်းအစောပိုင်းမှာ အခွင့်အရေးတွေ ခဏခဏရခဲ့တာကြောင့် ပွဲက ဂိုးများများနဲ့ အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ခဲ့ပေမယ့် အာတီတာရဲ့ ခံစစ်က ကြံ့ကြံ့ခံပြီး အထိအခိုက်နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဂါဘရီယဲလ် ဂျေးဇုက ၂၆ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့ပြီး ခံစစ်အပေါ်က ဖိအားတွေကို လျော့ပါးစေခဲ့ပြီး လူစားဝင်ကစားသမား မာတီနယ်လီက ၈၁ မိနစ်မှာ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။