အာဆင်နယ်အသင်း နည်းပြအာတီတာ ကတော့ လာမဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၃၈ ပွဲစလုံး အံ့အားသင့်ဖွယ် အနိုင်ယူပြီးတော့ အမှတ်အပြည့်နဲ့ ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၂-၂၃ ရာသီတုန်းက အဆင့် ၁ နေရာမှာ စံချိန်တင်အဖြစ် ၂၄၈ ရက်အထိ ရပ်တည်နိုင်ခဲ့ပေမဲ့ ရာသီကုန်မှာတော့ မန်စီးတီးနဲ့ ၅ မှတ်အကွာ အဆင့် ၂ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီမှာလည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနဲ့ ရာသီကုန်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးမှ ၂ မှတ်အကွာလေးနဲ့ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပါတယ်။

လာမဲ့ရာသီမှာတော့ အာတီတာက စံချိန်တင် ၄ နှစ်ဆက်ချန်ပီယံ မန်စီးတီးကို ကျော်ဖြတ် ဗိုလ်စွဲဖို့အတွက် မဖြစ်နိုင်လောက်တဲ့ကိစ္စတစ်ခုကို စွမ်းဆောင်ပြဖို့ ပစ်မှတ်ထားနေတာပဲဖြစ်ပါတယ်။

မနေ့က မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမတိုင်ခင် အင်တာဗျူးမှာ အာတီတာက အခုလို ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့အသင်းသွားရမဲ့ လမ်းစဉ်ကတော့ ရှင်းပါတယ်။ အသင်းရဲ့အဆင့်အတန်းကို မြှင့်တင်နိုင်အောင်သာမက ကျွန်တော့်ရဲ့နည်းပြဘ၀ အောင်မြင်မှုအတွက် တစ်ခါမှ မစွမ်းဆောင်နိုင်သေးတဲ့ အရာတွေကို လုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံး အခုထက်ပိုပြီး အားထုတ်ကြိုးစားမှသာ ပရီးမီးယားလိဂ် ဖလားရယူနိုင်ဖို့ အခွင့်အရေးက ပိုအားကောင်းလာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မီဒီယာတွေက လာမဲ့ရာသီမှာ မန်စီးတီးကို ကျော်ဖြတ်ပြီးတော့ ဗိုလ်စွဲဖို့ ဘာတွေစွမ်းဆောင်ပြရမလဲဆိုပြီး မေးခွန်းထုတ်ချိန်မှာ အာတီတာက –

“၁၁၄ မှတ်အထိ ရယူသွားဖို့ပါပဲ။ အဲဒီ အမှတ်အရေအတွက်သာ ရယူနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ သေချာသွားပါပြီ။ အဲဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်လည်းဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

အာတီတာရဲ့စကားအတိုင်းဆိုရင် အာဆင်နယ်အသင်းဟာ လာမဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၁၁၄ မှတ်အထိရယူနိုင်ဖို့အတွက် တစ်ပွဲတောင် သရေကျလို့မရဘဲ ၃၈ ပွဲစလုံး အနိုင်ကစားမှဖြစ်နိုင်မှာပါ။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း စံချိန်တင်ရမှတ်နဲ့ဗိုလ်စွဲခဲ့တာက လက်ရှိချန်ပီယံမန်စီးတီးဖြစ်ပြီး ၂၀၁၇-၁၈ ရာသီတုန်းက စုစုပေါင်း အမှတ် ၁၀၀ နဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အာတီတာသာ ပြောသလို စွမ်းဆောင်ပြနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာသာက ဘောလုံးသမိုင်းတစ်လျှောက်မှာပါ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင်အောင်မြင်မှုကြီးကို ပိုင်ဆိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။