အာဆင်နယ် နည်းပြအာတီတာက သူနဲ့အတူ မန်စီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဂျာမနီ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ Sky Sportsကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာတော့ ဗဟိုခံစစ်ရော ဘယ်ခြမ်းခံစစ်မှာပါ ကစားနိုင်တဲ့ အီတလီ ခံစစ်ကစားသမားလေး ရီကာဒို ကာလာဖီအိုရီကို တရားဝင် ခေါ်ယူလိုက်နိုင်တာကြောင့် တခြားလိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို ဆက်တိုက် လုပ်ဆောင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ နွေရာသီဈေးကွက်မပိတ်ခင်မှာ နောက်ထပ်ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်သွားဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး ဂန်းနားတွေဟာ နေရာစုံကစားနိုင်စွမ်းရှိတဲ့ တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူချင်နေတာဖြစ်ပါတယ်။

စပိန်နဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့တဲ့ အက်သလက်တစ် ဘီလ်ဘာအိုကြယ်ပွင့်ကို ပစ်မှတ်ထဲထည့်သွင်းထားပေမယ့်လည်း နီကို ဝီလီယံစ်က လာလီဂါမှာ နောက်ထပ်တစ်ရာသီ ဆက်ရှိနေဖို့ ဆုံးဖြတ်ထားတာကြောင့် ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဆာနေးကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။

Sky Germany ရဲ့ သတင်းအရ ဂန်းနားတွေဟာ ဂျာမနီ တောင်ပံကစားသမားရဲ့ ဘိုင်ယန်မြူးနစ်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပြီး ဆာနေးဟာ လွန်ခဲ့တဲ့ ၄ နှစ်က မန်စီးတီးကနေ ပေါင် ၅၄.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်တို့ကြား စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုလည်း မရသေးဘဲ ယင်းသတင်းရဲ့ ဖော်ပြချက်အရ ဂျာမနီတောင်ပံကစားသမားက ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းတိုးပြီးဆက်နေချင်ပေမယ့် အာဆင်နယ်က ဒီနွေရာသီမှာ ခေါ်ယူဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ခံစားနေရတယ်လို့ သိရပါတယ်။

ဆာနေးနဲ့ အာတီတာတို့ဟာ မန်စီးတီးမှာ အတူတူ အလုပ်လုပ်ခဲ့တဲ့အချိန်အတွင်း အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ခဲ့ပြီး ဂျာမနီတောင်ပံကစားသမားက စပိန်လူမျိုးနည်းပြက အများကြီး အကူအညီပေးခဲ့လို့ အလုပ်အတူတူတွဲလုပ်ရတာ အရမ်း ပျော်တယ်လို့ ပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။