အာဆင်နယ်အသင်းဟာ ဘိုလော့ညာ ခံစစ်မှူး ကယ်လာဖီအိုရီကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ဆာလီဘာ၊ ဂါဘရီရယ်၊ ဘမ်ဝှိုက်၊ ကီဝီအာတို့ရှိနေတဲ့ ခံစစ်ပိုင်းကို အားဖြည့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အီတလီသားအတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း အကုန်အကျခံ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ကယ်လာဖီအိုရီဟာ အာဆင်နယ်မှာ ကျောနံပါတ် ၃၃ ကို ဝတ်ဆင်ကစားပါမယ်။
အစဉ်အလာအားဖြင့် အဆိုပါနံပါတ်ကို အာဆင်နယ်အသင်းမှာ ဂိုးသမားတွေ ဝတ်ဆင်ကြတာဖြစ်ကာ မတ်ရိုင်ယန်၊ ပီတာချက်တို့လို ဂိုးသမားဟောင်းတွေ ဝတ်ဆင်ခဲ့ပါတယ်။ ဘန်တနာကလည်း အရင်တုန်းက ကျောနံပါတ် ၃၃ ကို ဝတ်ဆင်ခဲ့ဖူးသူဖြစ်ပါတယ်။
အာဆင်နယ် ကစားသမား ကယ်လာဖီအိုရီက ကျောနံပါတ် ၃၃ ကို ဝတ်ခွင့်ပေးဖို့ အသင်းအား အထူးတလည် တောင်းဆိုခဲ့တာလို့ သိရတယ်။ အဓိက အကြောင်းရင်းကို လာမယ့် အင်တာဗျူးတွေမှာ သူ ထုတ်ပြောပေးဖွယ် ရှိပါတယ်။
အာဆင်နယ်ခံစစ်မှာ ဆာလီဘာဟာ ပွဲတိုင်း မိနစ်တိုင်းကို ပါဝင်ကစားခဲ့ရတာကြောင့် ပြင်သစ်သားရဲ့ ပွဲချိန် များပြားမှုကို ကုစားဖို့ရာ ကယ်လာဖီအိုရီကို ခေါ်ယူခဲ့တာပါလို့ တရားဝင် မိတ်ဆက်ပေးမှုမှာ အာတီတာက အသိပေးခဲ့ပါသေးတယ်။