သြစတြီးယားနဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲမှာ နော်ဝေအသင်း နာမည်ကျော် ကွင်းလယ် ကစားသမား အိုဒီဂတ် ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်နဲ့ နည်းပြ အာတီတာတို့အတွက် စိုးရိမ်စရာ ဖြစ်လာပါပြီ။
နော်ဝေအသင်းဟာ တိုက်စစ်မှူးဟာလန်းရဲ့ဂိုးကြောင့် သြစတြီးယားကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့လည်း အိုဒီဂတ် ဒဏ်ရာရခဲ့လို့ ပေးဆပ်မှုကြီးမားခဲ့ပြီး အိုဒီဂတ် ဟာ ဝမ်းနည်းမျက်ရည်တွေနဲ့ ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။
နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ အာဆင်နယ်အသင်းဟာ လာမဲ့တနင်္ဂနွေကျရင် ပရီးမီးယားလိဂ်ပွဲကြပ် အဖြစ် လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းနဲ့ အဝေးကွင်းပွဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် အိုဒီဂတ် ရဲ့ဒဏ်ရာသတင်းက အာဆင်နယ်အသင်းအပေါ် ကြီးမားတဲ့ရိုက်ခတ်မှု ရှိစေပါတယ်။
အာဆင်နယ်အသင်း ဆေးအဖွဲ့က အိုဒီဂတ် ရဲ့ ဒဏ်ရာ အခြေအနေနဲ့ပတ်သက်ပြီး နော်ဝေဆေးအဖွဲ့ဆီ ချက်ချင်းဆက်သွယ်မေးမြန်းခဲ့ပြီး အခုလောလောဆယ်တော့ အိုဒီဂတ်က ခြေကျင်းဝတ်ဒဏ်ရာကြောင့် စပါးအသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိ၊ မရှိ အတိအကျမသိရသေးပါဘူး။
နော်ဝေအသင်းဆေးအဖွဲ့ရဲ့ ဆရာဝန်တစ်ဦးဖြစ်သူ အိုလာဆန်းဒ်က ” အိုဒီဂတ် ဟာ ခြေချင်းဝတ်မှာ အသေးစားထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာအနေအထားကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ဓာတ်မှန်ရိုက်ပြီးတော့ သူ့ ဒဏ်ရာကို စစ်ဆေးသွားမှာဖြစ်သလို အဲဒါနဲ့မလုံလောက်ရင် MRI နဲ့ စမ်းသပ်စစ်ဆေးသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နော်ဝေအသင်း နည်းပြ ဆိုလ်ဘက်ကန်က အိုဒီဂတ် ရဲ့ဒဏ်ရာအခြေအနေက သိပ်မကောင်းဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အခု နိုင်ငံတကာရက်သတ္တပတ်ကတော့ အာတီတာအတွက် ကံမကောင်းဘူးလို့ သတ်မှတ်ရမှာဖြစ်ပြီး အိုဒီဂတ် မတိုင်ခင် နောက်ခံလူ ကာလာဖီအိုရီကလည်း ပြင်သစ်နဲ့ပွဲမှာ ဒဏ်ရာရပြီး ကွင်းထဲကနေ ခြေထော့နင်းနဲ့ထွက်ခဲ့ရလို့ စပါးအသင်းနဲ့ပွဲကို သူတို့နှစ်ယောက်စလုံး လွဲချော်ဖို့ရှိနေပါပြီ။
ဒါ့အပြင် အဓိက ကွင်းလယ်လူတစ်ဦးဖြစ်သူ ဒီကလန်ရိုက်စ်ဟာလည်း ဘရိုက်တန်နဲ့ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံရမှာဖြစ်တဲ့အတွက် စပါးအသင်းနဲ့ပွဲမှာ မပါဝင်နိုင်ပါဘူး။
အာဆင်နယ်အသင်းဟာ စပါးနဲ့ပွဲပြီးရင် အတ္တလန်တာ(ချန်ပီယံလိဂ်)၊ မန်စီးတီး(ပရီးမီးယားလိဂ်)တို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ကစားရမှာဖြစ်ပါတယ်။