ပီအက်စ်ဂျီ အသင်း ကြယ်ပွင့် ကစားသမားတွေ အနေနဲ့ အသင်း အောင်မြင်မှုရဖို့သာ အဓိက အာရုံစိုက်ထားသင့်ပြီး ဆယ်လီအကျင့်တွေ ပေါ်ပင် ပြုမူနေတာ ရပ်ကြဖို့ အသင်း ဥက္ကဌ အယ်ခီလိုင်ဖီက သတိပေးလိုက်ပါတယ်။

ဒါ့အပြင် အသင်းမှာ အများထက် အခွင့်ထူးခံလိုမျိုး ပြုမူနေထိုင်တာတွေကိုလည်း လက်ခံတော့မှာ မဟုတ်ဘူးလို့ ၄င်းက ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ နာမည်ကြီး ကြယ်ပွင့် ကစားသမားအများစုကို ခေါ်ယူထားတာဖြစ်တဲ့ အတွက် ၄င်းတို့ ကြားမှာ ကတောက်ကဆဖြစ်ရပ်လေးတွေရှိတတ်ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်ကျော်က ကာဗာနီနဲ့ နေမာ ပင်နယ်တီလုကန်တာမျိုး ဖြစ်ခဲ့ဖူးသလို နေမာ၊ အဲလ်ဗတ်စ်၊ ကာဗာနီ၊ ဒီမာရီယာ၊ အမ် ဘတ်ပီ အစရှိတဲ့ ကစားသမားတွေကြားမှာ ပြစ်ဒဏ်ဘောကန်တာ၊ ပင်နယ်တီကန်တာနဲ့ပတ်သက်ပြီး ကတောက်ကဆလေးတွေ ဖြစ်ခဲ့ဖူးပါတယ်။

” ကစားသမားတွေ ကြားထဲမှာ အခွင့်ထူးခံတွေလို နေထိုင်နေတာတွေ၊ ဆယ်လီတွေလို ပေါ်ပင် လုပ်ပြနေတာတွေကို ကျနော် ဆက်ပြီး လက်သင့်မခံနိုင်တော့ပါဘူး။ ကစားသမား တစ်ယောက်စီတိုင်းမှာ သင့်တင့်လျောက်ပတ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိရပါမယ်။”

” အသင်းရဲ့ ရည်မှန်းချက်ဆီကို ရောက်အောင်သွားနိုင်ဖို့အတွက် အားလုံး တစ်စိတ်တစ်ဝမ်းထဲ ကြိုးစားကြရပါမယ်။ ဒါကို လက်မခံနိုင်တဲ့သူတွေ အသင်းက ထွက်သွားနိုင်တယ် ” လို့ အယ်ခီလိုင်ဖီက ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။

၎င်းရဲ့ ထုတ်တေဖာ် သတိပေးချက်ဟာ ပီအက်စ်ဂျီ အသင်းရဲ့ တန်ကြးအမြင့်ဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ နေမာနဲ့ အမ် ဘတ်ပီတို့ကို ရည်ရွယ်တာ ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

နေမာဟာ အသင်းဟောင်း ဘာစီလိုနာထံ ပြန်လည်ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့သလို အမ် ဘတ်ပီကလည်း ရီးယဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌ ပီရက်ဇ်ကတော့ နေမာနဲ့ အမ် ဘတ်ပီတို့ကို ခေါ်ယူဖို့ မရှိဘူးလို့ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။