လူငယ်တွေအတွက် အောင်မြင်ရေးပို့စ်လေးတွေ ရေးတင်မိတယ်။ ပို့စ်တစ်ခုအောက်မှာ လူငယ်တစ်ယောက်က မေးခဲ့တယ်။ ‘အရင်းအနှီးမရှိမှတော့ သူများဆီမှာပဲ လုပ်ရတော့မှာပေါ့’ တဲ့။ သူပြောတာအမှန်ပါပဲ။ မြန်မာပြည်က လူငယ်အများစုအတွက်လည်း ဒါဟာ အဓိကပြဿနာဖြစ်နေပါတယ်။

ကျွန်တော်တို့ဟာ အနောက်တိုင်းက စာအုပ်တွေဖတ်၊ နိုင်ငံတကာ ဟောပြောချက်တွေနားထောင်ပြီး လူငယ်တွေ တိုးတက်ဖို့ အကြံပေးနေကြတယ်။ တခါတလေ ပြည်တွင်းက လူငယ်တွေရဲ့ လက်တွေ့ပြဿနာတွေနဲ့ အလှမ်းကွာနေကြတယ်။

တခြားနိုင်ငံတွေမှာ ၀န်ထမ်းတွေအတွက် တိုးတက်ခွင့်တွေရှိပေမဲ့ မြန်မာပြည်မှာတော့ အလုပ်ရှင်တွေသာ ချမ်းသာသွားတယ်။ အောက်ခြေ၀န်ထမ်းတွေကတော့ မွဲပြီးရင်း မွဲရင်းပါပဲ။ ဒါကို ရှေးရိုးစွဲလူတွေ လုပ်ငန်းရှင်တွေက အပြစ်တင်ကြပါတယ်။ ဒီခေတ် လူငယ်တွေ၊ ၀န်ထမ်းတွေဟာ ကြိုးစားချင်စိတ်မရှိကြဘူး။ အလုပ်ကို မလေးစားကြဘူး စသဖြင့်။

တကယ်တော့ ဒီပြဿနာဟာ ကြက်ဥ နဲ့ ကြက် ဘယ်က စဖြစ်သလဲဆိုတာကို အဖြေရှာရသလိုပါပဲ။ အလုပ်ရှင် အလုပ်သမား နှစ်ဘက်စလုံးမှာ မှန်တာတွေရှိသလို မှားတာတွေလည်း ရှိနိုင်ပါတယ်။ တကယ့်လက်တွေ့မှာတော့ တော်ရုံကြိုးစားတဲ့ ၀န်ထမ်းတစ်ယောက်ဟာ သူ့ကြိုးစားမှု အတိုင်းအတာအတိုင်း ပြန်ရဖို့ဟာ ခက်ပါတယ်။

ဥပမာ – အလုပ်တစ်ခုမှာ ၀န်ထမ်း ၂၀ ရှိတယ်ဆိုပါစို့။ တစ်ယောက်က အလုပ်ကြိုးစားတယ်။ ကျန်တဲ့ ၁၉ ယောက်က ပုံမှန်ပဲလုပ်တယ်။ အချိန်တန် လစာထုတ်ရင်တော့ အတူတူပဲ။ အဲဒီအခါ ကြိုးစားတဲ့ဝန်ထမ်းစိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။ လူကြားထဲမှာ ငပေါ ငကြောင် အဖြစ်တောင် အလှောင်ခံရနိုင်တယ်။ အထက်အရာရှိကို ဖားတဲ့လူ။ အခွင့်အရေးလိုချင်တဲ့လူလို့တောင် အတင်းပြောခံရနိုင်တယ်။

အချိန်တန်ရင် အဲဒီလို လူမျိုးဟာ လစာတိုးရနိုင်တယ်ဆိုပေမဲ့ တကယ့် မြန်မာပြည်စီးပွားရေးလောကမှာ လစာတစ်ခါတိုးဖို့၊ ရာထူးတစ်ခါတိုးဖို့ ဘယ်လောက်ကြာသလဲ ဆိုတာ လူတိုင်းသိကြမှာပါ။ တိုးရင်လည်း ဘယ်လောက်များတိုးမှာမို့လို့လဲ။ သောင်းဂဏန်းထက်မပိုလောက်ပါဘူး။

ဒီတော့ ဘာလုပ်ကြမလဲ။ ပထမတစ်နည်းကတော့ လက်ရှိဝန်ထမ်းအလုပ်ကို လုပ်ရင်း အားလပ်ချိန်တွေမှာ ကိုယ်ဝါသနာပါရာ ယုံကြည်ရာကို ကြိုးစားပါ။ အလုပ်ကပြန်ရောက်လာရင် မနားပါနဲ့။ ကိုယ့်ဝါသနာကို ထူးချွန်လာအောင် လေ့ကျင့်ပါ။ သင်တန်းတွေတက်ပါ။ စာအုပ်တွေဖတ်ပါ။ ပိတ်ရက်တွေမှာ ကိုယ့်ဝါသနာနဲ့ ပိုက်ဆံရှာလို့ရတဲ့ ခွင်ကောင်းကလေးတွေကို လိုက်ရှာပြီး စမ်းလုပ်ကြည့်ပါ။

လစာထဲက ပိုက်ဆံကို ဖဲ့စုပြီး ကိုယ်လုပ်ချင်တာနဲ့ ပတ်သက်တာလေးတွေမှာ သုံးပါ။ ၀ါသနာပါရာအလုပ်မှာ တဖြည်းဖြည်း ဖြစ်ထွန်းလာရင် ခုနက ၀န်ထမ်းအလုပ်ကို လုံးဝစွန့်ပြီး ကိုယ်လုပ်ချင်တဲ့နယ်ပယ်မှာ အောင်မြင်မှု ရသွားနိုင်ပါတယ်။

ဒုတိယတစ်နည်းကတော့ ကိုယ်လုပ်နေတဲ့ အလုပ်နယ်ပယ်မှာကိုပဲ တိုးတက်အောင်မြင်အောင် ကြိုးစားတဲ့နည်းပါ။ ဒါကြောင့်မို့ အလုပ်လုပ်ဖို့ ရွေးချယ်တဲ့အခါ ဒီနယ်ပယ်မှာ ငါရေရှည်လုပ်နိုင်ပါ့မလားဆိုတာတော့ ကြိုစဉ်းစားထားဖို့လိုပါလိမ့်မယ်။

ဥပမာ – ဈေးဆိုင်တစ်ဆိုင်မှာ ၀န်ထမ်းအဖြစ်လုပ်ရတယ်ဆိုပါစို့။ ၀င်လုပ်ပြီး လပိုင်းအနည်းငယ်ကြာလာတဲ့အခါ အဲဒီဆိုင်ရဲ့ လည်ပတ်မှု သဘောတရားတွေကို နားလည်လာမှာပါပဲ။ အဆက်အသွယ်တွေ။ ဈေးနှုန်းတွေ။ ဖောက်သည်တွေ။ တစ်နေ့ တစ်နေ့လည်း လူပေါင်းများစွာနဲ့ ဆက်ဆံလာရမယ်။ ဒီအခါမှာ လုပ်သင့်တဲ့ ပထမဆုံးအဆင့်က ဒီအရောင်းအ၀ယ်အလုပ်မှာ တာဝန်အကျေဆုံး လူတကာနဲ့ အဆင်အပြေဆုံး ၀န်ထမ်းတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ်။

အားလုံးက ကိုယ့်ကို တော်တယ်ဆိုပြီး အထင်ကြီးလာတဲ့အထိ ကြိုးစားရပါမယ်။ ပိုင်ရှင်ကလည်း သဘောကျ၊ ဖောက်သည်တွေကလည်း ချစ်ခင်တဲ့ လူတစ်ယောက်။ တဖြည်းဖြည်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ သတင်းကောင်းတွေ ထွက်လာအောင် ကြိုးစားရမယ်။ အဲဒီအခါ ခင်ဗျားတို့ မယုံနိုင်လောက်တဲ့ အခွင့်အလမ်းတွေ တကယ်ပေါ်လာမှာပါ။

ပိုက်ဆံပိုပေးပြီး ခေါ်ချင်တဲ့သူတွေ။ အရင်းအနှီးထုတ်ပေးမဲ့သူတွေ။ တခါတလေ ပိုင်ရှင်ကိုယ်တိုင်က သူ့ဆိုင်ကို ကိုယ့်လက်ထဲအပ်ပြီး တခြားမှာ ဆိုင်ခွဲသွားဖွင့်တာမျိုးတွေအထိတောင် ဖြစ်ခဲ့တဲ့ သာဓကတွေရှိပါတယ်။

ဒီအခြေအနေမှာ အရေးကြီးတာက ကိုယ့်အလုပ်ရှင်ဟာ သဘောထားပြည့်ဝသူဖြစ်ရင် ပိုကောင်းပါတယ်။ အစပိုင်းမှာ ရွေးချယ်စရာမရှိသေးလို့ စိတ်ထားမကောင်းတဲ့ အလုပ်ရှင်အောက်မှာ လုပ်နေရရင်တောင် နောက်ပိုင်း ကိုယ့်ဂုဏ်သတင်း ထွက်လာတဲ့အခါ အလုပ်ရှင်ကောင်းကောင်းကို ရွေးချယ်ခွင့်ရှိလာပါလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ အလုပ်ရှင်ဆိုးကို စွန့်ပြီး အလုပ်ရှင်ကောင်းဆီကို မဆိုင်းမတွ ကူးပြောင်းလိုက်ပါ။

နောက်ဆုံးနည်းလမ်းကတော့ အပေါ်က နှစ်နည်းစလုံးနဲ့ အဆင်မပြေမယ့် လူငယ်တွေအတွက်ပါပဲ။ ၀ါသနာပါရာလည်းမရှိ၊ ဆွေမျိုး မိတ်ဆွေလည်းမရှိ၊ ၀န်ထမ်းလုပ်ရင်လည်း အဲဒီအလုပ်သဘောကို ခြုံငုံနားလည်နိုင်ဖို့ မနီးစပ်တဲ့ ဟိုးအောက်ခြေက အလုပ်ကြမ်းအဆင့် လူငယ်မျိုးတွေအတွက်ပါ။ ဆောက်လုပ်ရေးမှာဆို ပန်းရံ၊ အုတ်သယ် ၀င်လုပ်ရတဲ့ အဆင့်မျိုး။ လက်ဘက်ရည်ဆိုင်မှာဆို စားပွဲထိုး၊ သန့်ရှင်းရေး လုပ်ရတဲ့ အဆင့်မျိုးတွေအတွက်ပါ။

အဲဒီလို ၀န်ထမ်းလူငယ်တွေအတွက် ပြောချင်တာကတော့ အောင်မြင်ဖို့ မစဉ်းစားခင် ကိုယ့်ရဲ့ ရပ်တည်မှုအဆင့်ကို မြှင့်တင်ရပါမယ်။ အရင်ဆုံး အတတ်ပညာတစ်ခုခုကို သင်ပါ။ အလွယ်ဆုံး အရှင်းဆုံးကတော့ ကားမောင်းသင်ပါ။ ယာဉ်မောင်းလိုင်စင်လျှောက်ပါ။ အငှားတက်စီဝင်မောင်းပါ။ ကားပြင်တာသင်ပါ။ ၀ပ်ရှော့တွေမှာ ၀င်လုပ်ပါ။ မိန်းကလေးဆိုရင်တော့ မုန့်လုပ်တာ၊ ဟင်းချက်တာ သင်လို့ရတာ သင်ပါ။ ကွန်ပျူတာစာစီတာ အစရှိသဖြင့်။ ကျွန်တော်ပြောလိုရင်းက ဟို အောက်ဆုံးအဆင့်ကနေ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး တစ်ဆင့်ပြီး တစ်ဆင့် ဆွဲတင်နိုင်အောင် ကြိုးစားဖို့ပါပဲ။

အောက်ခြေအဆင့်က စရမယ့် လူငယ်တစ်ယောက်ဟာ တစ်ဆင့်ပြီး တစ်ဆင့်တက်ရပါမယ်။ ဒီလိုကြိုးစားရတဲ့နေရာမှာ အရေးအကြီးဆုံးက စိတ်ဓာတ်နဲ့ စာရိတ္တပါပဲ။ ငါ မခိုးဘူး။ မလိမ္ဘူး။ သူများကို မလှည့်ပတ်ဘူးဆိုတဲ့ စိတ်မျိုးကို ကျောက်ဆောင်ကြီးတစ်ခုလို ခိုင်မာနေအောင် ချမှတ်ပြီး ရှေ့ကို ရဲရဲတိုးတဲ့လူငယ်တစ်ယောက်ကို တစ်လောကလုံးက တစ်ချိန်ချိန်မှာ လေးစားစွာနဲ့ ဦးညွတ်အသိအမှတ်ပြုလာပါလိမ့်မယ်။

သူများလခစားအဖြစ်မှ သူများကို လခပေးပြီး လောကအကျိုး ပြုနိုင်သူတွေအဖြစ် အမြန်ဆုံးရောက်ရှိနိုင်ကြပါစေ။

ချစ်ခြင်းတွေဖြင့် ပြန်လည်မျှဝေပါ မိတ်ဆွေ…