မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ အရ “ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေ ထားသော ငွေစက္ကူတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုရ”ဟု တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင်တော့ ပုဒ်မ ၁၀၅ အရ ထောင်ဒဏ်၊ ငွေဒဏ် ကျခံရမှာဖြစ်ပါတယ်။

ဒါပေမယ့် အတုမှန်း သိလျက်နှင့် သုံးစွဲခြင်းမပြုခဲ့လျှင်၊ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသည်ဟု စီရင်မှုမခံရလျှင်၊ ကျူးလွန်ကြောင်း မတွေ့ရလျှင်၊ မပေါ်ပေါက်ခဲ့လျှင် ပြစ်ဒဏ်မခံရနိုင်ပါကြောင်းကိုလည်း သိရှိထားရန် လိုအပ်မှာဖြစ်ပါတယ်။

သိသာနိုင်မယ့်အချက်များရှိ
==============

ဒီနေရာမှာ ငွေစက္ကူအတုကို လက်ဝယ်တွေ့ရှိခြင်းဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ ပြစ်မှုမမြောက်နိုင်ပါ။ လက်ဝယ်တွေ့ရှိခြင်းဟာ အတုပြုလုပ်လို့ လက်ဝယ်တွေ့ရှိတာ၊ အတုမှန်းသိပါလျက် သုံးစွဲလို့ လက်ဝယ်တွေ့ရှိတာဆိုရင်တော့ ပြစ်မှုမြောက်ပါတယ်။ အတုလက်ဝယ်တွေ့ရှိမှု အခြေအနေနဲ့ ရည်ရွယ်ချက်ကို သေချာသုံးသပ်ဖို့လိုအပ်ပါတယ်။ အခြေအနေနဲ့ ရည်ရွယ်ချက်ကို စစ်ဆေးသုံးသပ်နိုင်ဖို့ကတော့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေက စိစစ်ရမှာ ဖြစ်ပါတယ်။ ငွေစက္ကူအတု-အစစ်ခွဲခြားနိုင်ဖို့အတွက် အလွယ်တကူ သိသာနိုင်မယ့်အချက်များရှိပါတယ်။

၅၀ဝ၀ တန်(ပုံစံအဟောင်း) ငွေစက္ကူမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတန်းပါအကွက်နဲ့ ငွေတန်ဖိုးနေရာအကွက်တွေမှာ လက်ညှိုး၊ လက်မဖြင့်ပွတ်ဆွဲစမ်းသပ်ပါက ကြမ်းတမ်းမှုကို ခံစားရမှာဖြစ်ပါတယ်။

အလင်းရောင်မှာထောင်ကြည့်လျှင် ဆင်ဖြူတော် ပုံရိပ်နှင့် “၅၀ဝ၀” ကိုရေစာမှာ မြင်ရပါမယ်။ငွေရောင်လုံခြုံရေးကြိုးအား တစ်ဝက်ဖုံး၊ တစ်ဝက်ဖော်မြှုပ်ထားပြီး အလင်းရောင်မှာ ထောင်ကြည့်လျှင် K ၅၀ဝ၀ အပြန်အလှန် တစ်ဆက်တည်းရိုက်ထားတာကိုတွေ့ရပါမယ်။

ဘယ်ဘက်အနားအလယ်ရှိ အနီရောင်အကွက်နေရာကို ၄၅ ဒီဂရီ ဘေးတိုက်စောင်းကြည့်ရင် CBM စာလုံးနဲ့၅၀ဝ၀ကို တွေ့ရပါမယ်။ အမှောင်တွင် ခရမ်းလွန်ရောင်ခြည်ဖြင့်ကြည့်ပါက မီးချောင်းကဲ့သို့ အလင်းတန်းငယ်တွေကိုတွေ့နိုင်ပြီး လုံခြုံရေးကြိုးမှာ အပြာရောင်၊ အနီရောင် အဆစ်အပိုင်းတွေ ပါရှိတာကို တွေ့ရပါမယ်။

လုံခြုံရေးကြိုးတွေထည့်ထား
===============
၅၀ဝ၀ တန် (ပုံစံအသစ်)ငွေစက္ကူတွင် ပို၍လုံခြုံရေးကောင်းမွန်ဖို့လုံခြုံရေးအဆင့် (Security) မြှင့်တင်ထားပါတယ်။

လုံခြုံရေး ငွေရောင်ကြိုးအစား စောင်းကြည့်ရင် အရောင်ပြောင်းတဲ့ လုံခြုံရေးကြိုး (Security THreat) တွေ ထည့်ထားပါတယ်။ ရေစာ ဆင်ရုပ်အောက်မှာလည်း ၅၀ဝ၀ဂဏန်းကို တွေ့ရပါတယ်။ ညစ်ပေမှုခံနိုင်ဖို့အတွက် ဗားနစ်(Varnish) အလွှာအုပ်ထားပါတယ်။

ငွေစက္ကူကို မှန်ဘီလူး(သို့မဟုတ်) လက်ကိုင်ဖုန်းကင်မရာနဲ့ရိုက်ပြီး Zoom ဆွဲကြည့်ပါက ရေစာအပေါ်ရှိ “၅၀ဝ၀”ဂဏန်းအတွင်းမှာ CBM စာလုံးငယ်များ၊ ငွေစက္ကူအောက်ဘက်အနားလိုင်းများမှာ SECURITYPRINTINGWAZICBM ဟူသော စာလုံးငယ်များကို တွေ့ရပါမယ်။

၁၀ဝ၀ဝ တန်(ပုံစံအဟောင်း)ငွေစက္ကူတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာတန်းပါအကွက်နှင့် ငွေတန်ဖိုးနေရာအကွက်တွေမှာ လက်ညှိုး၊ လက်မဖြင့် ပွတ်ဆွဲစမ်းသပ်ပါက ကြမ်းတမ်းမှုကို ခံစားရမှာဖြစ်ပါတယ်။

လက်ဝဲဘက်အနားအလယ်ရှိ အညိုရောင် ဧရိယာအား ၄၅ ဒီဂရီ တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်စာလုံး “CBM” ဟု တွေ့ရပါမယ်။ ရေစာအနေဖြင့် ကြာပန်းပုံရေစာနဲ့ ၁၀ဝ၀ဝဂဏန်းရေစာပါရှိပြီး အလင်းရောင်တွင် ထောင်ကြည့်ပါက ရှင်းလင်း ပြတ်သားစွာမြင်တွေ့နိုင်ပါတယ်။

လုံခြုံရေးကြိုးကို ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားပြီး Myanmar spw စာတန်းအား အတည့်တစ်လှည့်၊ ပြောင်းပြန်တစ်လှည့် ရိုက်နှိပ်ထားကာ သာမန်အလင်းရောင်တွင်ကြည့်ပါက ပန်းခရမ်းရောင်နဲ့အစိမ်းရောင်နှစ်မျိုး ပြောင်းလဲမှုရှိပါတယ်။

ရာသီဥတုနဲ့ရေစိုဒဏ်ခံနိုင်
=============
လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ၁၀ဝ၀ဝ တန် (ပုံစံအသစ်) ငွေစက္ကူတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတန်းပါအကွက်နဲ့ အောက်ခြေ ကနုတ်ပန်းအကွက်တို့မှာ လက်ဖြင့်ပွတ်ဆွဲ စမ်းသပ်ပါက ကြမ်းတမ်းမှုကို ခံစားရမှာဖြစ်ပါတယ်။

ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဖက်ကို ဗားနစ်(Varnish)အလွှာဖြင့် ဖုံးအုပ်ထားပြီး ရာသီဥတုနဲ့ ရေစိုဒဏ်ခံနိုင်ပါတယ်။ လက်ဝဲဘက်အနားရှိ အညိုရောင်ဧ ရိယာအား ၄၅ ဒီဂရီတိမ်းစောင်းကြည့်ပါက အင်္ဂလိပ်စာလုံး “CBM”ဟုမြင်တွေ့နိုင်ပါတယ်။

ငွေစက္ကူအား မှန်ဘီလူး(သို့မဟုတ်) လက်ကိုင်ဖုန်းကင်မရာနဲ့ရိုက်ပြီး Zoom ဆွဲကြည့်ပါက ငွေစက္ကူအောက်ဘက် အနားလိုင်းများတွင် SECURITYPRINTINGWORKS ဟူသော စာလုံးငယ်များကို တွေ့ရပါမယ် ။ ငွေစက္ကူ၏ ယာဘက်အောက်ထောင့်တွင် တန်ဖိုး ၁၀ဝ၀ဝ စာလုံးအားရောင်ပြေးမင်ဖြင့် ရိုက်နှိပ်ထားသဖြင့် တိမ်းစောင်းကြည့်ပါက တောက်ပသောအစိမ်းရောင် ရောင်ပြေးကို မြင်တွေ့ရပါတယ်။

ဖော်ပြပါ ငွေစက္ကူအစစ်ရဲ့ အခြေအနေအား အကြမ်းဖျင်းသိပြီဆိုရင်လက်ဝယ်ရှိ ငွေစက္ကူတွေအား အတု-အစစ် စိစစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်ရုံးပြင်ကနားသွားရမှာ ဝန်လေးတာရယ်၊ အမှုပတ်မှာစိုးရိမ်တာရယ်၊ဘဏ်တွေကလည်း ကိုယ့် CUSTOMER တွေ ငြိုငြင်မှာ စိုးတာရယ်တွေကြောင့်လုပ်ရမယ့် တာဝန်တွေ မလုပ်တော့ဘဲ ဘဏ်ကပဲသိမ်းပြီး ဖျက်ဆီးလိုက်တာကိုလုပ်ထုံး လုပ်နည်းတစ်ရပ်လို နှစ်ပေါင်းများစွာ အလေ့အကျင့်ဖြစ်လာခဲ့တော့ငွေစက္ကူအတုသည် ပြစ်မှုမြောက်တဲ့ပစ္စည်းဆိုတာကို မေ့လျော့သလိုဖြစ်ပြီးရဲစခန်းအပ်နှံတဲ့အလုပ်ကို တွန့်ဆုတ်နေကြပါတယ်။ အဲဒီတော့ ငွေအတုပေါ်လာရင် ရင်းမြစ်ကိုစုံစမ်းဖော်ထုတ်အရေးယူနိုင်ဖို့ သဲလွန်စတွေကရဲစခန်းကိုမရောက်နိုင်တော့ဘဲ ပြည်သူများလက်ထဲမှာပဲ လှည့်ပတ်ပြီးပြည်သူကို ဒုက္ခပေးဖို့ ဖြစ်လာရပါတယ်။

တုပမှုကို ကာကွယ်နိုင်
============
ငွေစက္ကူပုံနှိပ်သူများကလည်း မိမိရိုက်နှိပ်တဲ့ငွေစက္ကူကို အတုမပြုလုပ်နိုင်အောင် အမြဲကြိုးစားနေကြပါတယ်။ လုံခြုံရေးနည်းပညာဟာ အမြဲ တိုးတက်နေပြီး နောက်ဆုံးပေါ် လုံခြုံရေးနည်းပညာတွေသုံးပြီး ငွေစက္ကူရိုက်နှိပ်ကြရပါတယ်။ အတုလုပ်တဲ့သူတွေကလည်း နည်းပညာမရ ရအောင်ယူပြီး တုပလေ့ရှိပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ တစ်သောင်းတန်ဆိုရင် ၂၀၁၂ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လုံခြုံရေးတိုးမြှင့်ပြီးပုံစံသစ်နှင့် ထုတ်ဝေခြင်းဟာ တုပမှုကိုကာကွယ်နိုင်အောင် ဖြစ်ပါတယ်။

ယခင်က ငွေစက္ကူအတု မိခဲ့တဲ့ကိစ္စတွေမှာ Colour Copier၊ Colour Printer တွေနဲ့ အတုလုပ်တာတွေပဲ များခဲ့ပြီး ယခု တွေ့ရှိရတာတွေကတော့ တစ်ဦးချင်းစီကစုပြီး တွေ့ပြီးတော့ ပြည်ပက ဝင်လာတာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ တုပထားတယ် ဆိုတာကတော့ မထုတ်ပြန်သေးပါဘူး။ ပြည်ပ တာဝန်ရှိအဖွဲ့အစည်းတွေကလည်း ဆက်စပ်ကွင်းဆက်တွေကို စစ်ဆေးနေတာဖြစ်တဲ့အတွက် ရင်းမြစ်ကို ဖော်ထုတ်အရေးယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရင်းမြစ်ကို ဖော်ထုတ် အရေးယူနိုင်မှလည်း ပြည်သူတွေရဲ့စိုးရိမ်မှုကို လျော့ကျသွားစေနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာရှိတဲ့ ပြည်သူလူထုအများစုမှာ ဘဏ်နဲ့လည်း ဆက်ဆံဆောင်ရွက်မှု အရေအတွက်နည်းပြီး ငွေသားဖြင့်သာ ပေးချေသုံးစွဲကြတာများတဲ့ နိုင်ငံဖြစ်တဲ့အတွက် အတုအပကိစ္စကိုအများကြီး သတိထားဖို့ လိုအပ်ပါတယ်။ အတုတွေ့ရင်လည်း ဆက်စပ်ရင်းမြစ်များကို စုံစမ်းဖော်ထုတ် အရေးယူနိုင်အောင် မှန်ကန်တဲ့နည်းလမ်းနဲ့သတင်းပေး အပ်နှံခြင်းဖြင့် ပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။

ဝင်းမြင့်(ဗဟိုဘဏ်)

မှတ်ချက် – ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ – ၁၀ တွင်ဖေါ်ပြထားသော ဆောင်းပါးကို စာဖတ်သူများ ဗဟုသုတရရှိစေရန်အတွက် ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။