ဘိုင်ယန်မြူးနစ်ဟာ ဆာနေးရဲ့ အေးဂျင့်နဲ့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့ကာ အခြေအနေကောင်း နေပေမယ့် မန်စီးတီးဘက်ကတော့ ဂျာမန်သား တိုက်စစ်သမားကို ရောင်းချဖို့ အစီအစဉ် မရှိဘဲ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

မန်စီးတီး ကစားသမားသစ် ရိုဒရီက ၄င်းဟာ ပရီးမီးယားလိဂ်နဲ့ ကိုက်ညီမယ့် ကြံ့ခိုင်သန်မာမှုမျိုး မရှိနိုင်စရာ အကြောင်း မရှိကြောင်း ယုံကြည်မှု ရှိရှိ ဖွင့်ဟပြောကြားလိုက်ပါတယ်။

မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက စီးတီးအသင်းသားတွေဟာ လုံလောက်စွာ အနားရပြီး အဆင်သင့်ဖြစ်မှသာ ရာသီကြို ထရိန်နင်သို့ ပြန်လာသင့်ကြောင်း ပြောဆိုလိုက်ပြီး ခေတ်သစ် ဘောလုံးလောကဟာ ကစားသမားတွေကို ညှင်းဆဲနေကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။

မန်စီးတီးဂိုးသမား အီဒါဆန်ဟာ ဘရာဇီးမှာ ပြုလုပ်တဲ့ ရန်ပုံငွေပွဲ တစ်ပွဲမှာ တိုက်စစ်နေရာကနေ ပါဝင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘောလုံးကစားနိုင်စွမ်းကောင်းတွေ ပြသခဲ့တဲ့ အီဒါဆန်ဟာ သွင်းဂိုး နှစ်ဂိုးကိုလည်း ရရှိခဲ့ပါတယ်။

မန်စီးတီးရဲ့ ဒီနွေ ခေါ်ယူမှုသစ်ဖြစ်တဲ့ ရိုဒရီကတော့ လက်ရွေးစင်အသင်းဖော် ဆေးဗားရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ နောက်ဆုံးရာသီမှာ အကောင်းဆုံး ရာသီသိမ်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းဟာ ဖီဖာဂိမ်း ကစားတဲ့အခါမှာ သူရွေးတဲ့ အသင်းတွေက ပီအက်စ်ဂျီ အသင်းနဲ့ လီဗာပူးအသင်း ဖြစ်ကြောင်း ထုတ်ဖော် ၀န်ခံလိုက်ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ရာသီကြို ခရီးစဉ်အဖြစ် တရုတ်ကို သွားရောက်ခဲ့စဉ်မှာ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့အပေါ် ပြန်လည် တုန့်ပြန်လိုက်ပြီး မန်စီးတီးအသင်းဟာ တရုတ်မှာ ဒေသခံပရိသတ်တွေတဲက ပူးပေါင်းပါဝင်မှုတွေ ရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်စီးတီးနဲ့ အင်္ဂလန်သား ခံစစ်မှူး ကိုင်လီဝေါ်ကာက ၄င်းရဲ့ ကလပ်အသင်းဖော် နိုင်ငံအသင်းဖော် ရာဟင်း စတားလင်းဟာ ပက် ဂွာဒီယိုလာလို နည်းပြရဲ့ သင်ကြားမှုနဲ့ ခြေစွမ်းတွေ ပို ပိုကောင်းလာဖို့ မျှော်လင့်နေကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။