အသင်းပြောင်းဖို့ ကောလဟာလသတင်းတွေ ငြိမ်သက်သွားခဲ့ပြီဖြစ်တဲ့ ဒေးဗစ်ဒီဂီယာအတွက် လာမယ့် ရာသီသစ်ကတော့ (၉) နှစ်မြောက် ဖြတ်သန်းမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

တိုက်စစ်မှူးလူကာကူရဲ့ အေးဂျင့်ဟာ ကစားသမားရဲ့ အပြောင်းအရွေ့ ကိစ္စရပ်တွေကို အသင်းတာဝန် ရှိသူတွေနဲ့ ဆွေးနွေးဖို့အတွက် လန်ဒန်ကို ရောက်ရှိနေပြီး ဆွေးနွေးမှုက အောင်မြင်နိုင်တဲ့ အနေအထားကို ရောက်ခဲ့ပါပြီ။

ယူနိုက်တက်ဟာ အပြောင်းအရွေ့ကာလ အဆုံးသတ်ဖို့ နီးကပ်လာချိန်မှာ အေဂျက်တိုက်စစ်မှူး David Neres ကို ခေါ်ယူဖို့အတွက် လှုပ်ရှားမှုတွေ ရှိလာနေပြီလို့ သတင်းတွေ ပေါ်ထွက်လာနေပါပြီ။

ယူနိုက်တက်ပရိတ်သတ်တွေဟာ လက်ရှိ အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူးဟောင်း ဒန်နီဝဲလ်ဘက်ကို ပြန်လည်ခေါ်ယူဖို့ အသင်းက ကြိုးစားမှု မရှိတဲ့အတွက် အံ့အားသင့်မိကြောင်း ဟာသလုပ် ရေးသားမှုတွေ ပြုလုပ်နေကြတယ်လို့ သိရှိရပါတယ်။ တိုက်စစ်မှူးဟာ ဝတ်ဖိုဒ့်အသင်းထံ အပြီးသတ် ရောက်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာကတော့ သူ့အသင်းဟောင်းအနေနဲ့ ရီးရဲကစားသမား ဂါးရက်ဘေလ်းကို ခေါ်ယူဖို့ လှုပ်ရှားခြင်း မပြုလုပ်တဲ့အတွက် အံ့အားသင့်မိကြောင်း ဝေဖန်ပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ပါက ရီးရဲမက်ဒရစ်အသင်းဟာ PSG စတား နေမာကို ခေါ်ယူဖို့ မြှားဦးလှည့်လာဖွယ် ရှိနေပြီလို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။

ယူနိုက်တက် နောက်ခံကစားသမားဟောင်း ဖာဒီနန်ကတော့ တိုက်စစ်မှူး လူကာကူဟာ ယခုအပြောင်းအရွေ့မှာ အသင်းကို စွန့်ခွာသွားဖို့ သေချာသလောက် ရှိနေတယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ဗဟိုခံစစ်မှူး စမောလင်းအတွက် အဲဗာတန်အသင်းဖက်က အငှားနဲ့ ကမ်းလှမ်းလာမှုကို ပယ်ချသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ယူနိုက်တက်က စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ပေါ်ထွက်နေတဲ့ အသက် (၁၉) နှစ်အရွယ် လူငယ်ကစားသမားလေး Hakon Evjen ကတော့ ယူနိုက်တက်မှာ ကစားရဖို့ဟာ သူ့ဆန္ဒဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်က ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ဖူးတဲ့ လာဇီယိုတိုက်စစ်မှူး မီလန်ကိုဗစ်-ဆာဗစ်ဟာ အီတလီမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။