ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းဟာ အမန်ယူ၊ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဝဲလ်ဘတ်ဟာ ဒီနှစ်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့လို့ အသင်းနဲ့လမ်းခွဲခဲ့သူပါ။ အသက် ၂၈နှစ် အရွယ်ရှိ တိုက်စစ်သမားဟာ ကစားသမားဘဝတစ်လျှောက် ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်ခဲ့ရပြီး ခရစ္စမတ်ကာလမတိုင်ခင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ ရာသီကုန်အထိ အနားယူခဲ့ရသူဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်ကစားသမား ဝဲလ်ဘက်ဟာ မန်ယူအကယ်ဒမီမှာ သူရဲ့ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီးတော့ စီနီယာအသင်းမှာ နေရာရလာခဲ့ပါတယ်။ မန်ယူရဲ့ တိုက်စစ်ပိုင်းမှာ အားထားရတဲ့ မျိုးဆက်တစ်ဦးလို့ ယူဆခံခဲ့ရပေမယ့် မျှော်လင့်ထားသလောက် မဖြစ်လာပဲ အာဆင်နယ်အသင်းဆီကို ရောင်းချခံခဲ့ရသူဖြစ်ပါတယ်။

ဝဲလ်ဘက်ဟာ အာဆင်နယ်အသင်းဆီကို ၂၀၁၄ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး ဘောလုံးရာသီ ၂ ခုလောက်သာ ပွဲထွက်ခွင့်တွေ များပြားခဲ့ပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ၄၂ ပွဲကစားပေးထားပြီး အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ ဝက်ဖို့ဒ်တို့က အပြိုင်စိတ်ဝင်စားခဲ့ကြပါတယ်။

အသင်းကြီးတွေမှာ ကစားဖူးတဲ့ အတွေ့အကြုံကောင်းတွေကြောင့် ဝက်ဖို့ဒ်းနည်းပြက ခေါ်ယူခဲ့တာဖြစ်ပြီး ဝဲလ်ဘတ်ဟား ပရီးမီးယားလိဂ်သွင်းဂိုး ၄၂ ဂိုး၊ ချန်ပီယံလိဂ်သွင်းဂိုး ၇ ဂိုးနဲ့ အက်ဖ်အေဖလားမှာ ၈ ဂိုး အသီးသီးသွင်းယူထားပါတယ်။