ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်မယ့် အသင်းတွေထဲမှာ မန်စီးတီးအသင်းက အတောင့်တင်းဆုံးဖြစ်ပြီး လီဗာပူး ကတော့ အသင်း အားလုံးထက်သာတဲ့ တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားတာကြောင့် အကြိတ်အနယ်ရှိလိမ့်မယ်လို့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာမှာ ယှဉ်ပြိုင်ရမယ့် ဖီဖာ ကလပ်များကမ္ဘာဖလား ပြိုင်ပွဲမှာ လီဗာပူးအသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေပေမယ့် ထိုပြိုင်ပွဲထဲ ပါဝင်မယ့် ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ဘရာဇီးကလပ် ဂရီမီယိုအသင်းရဲ့ ဥက္ကဌ ဖြစ်သူက လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်လောက် ခက်ခဲမယ့် ပြိုင်ဘက် မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူး လူငယ်တိုက်စစ်သမားလေး ဘရူးစတားဟာ ချယ်ဆီးတိုက်စစ်ကြယ်ပွင့် အိုဒွိုင်းကို လီဗာပူးအသင်းထံ ပြောင်းလာအောင် ဆွဲဆောင် စည်းရုံးနေတယ်လို့ လီဗာပူး ပရိသတ်တွေက ယူဆ ယုံကြည်နေကြပါတယ်။

မန်ယူအသင်း ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က တိုက်စစ်မှူး မိုက်ကယ်အိုဝင်ကို လီဗာပူး အသင်းကို မရောက်ခင် ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်း တိုက်စစ်မှူး ဆာလက်က ဘာစီလိုနာ ကြယ်ပွင့် မက်ဆီနဲ့ အများကြီး ဆင်တူတယ်ဆိုပေမယ့် မက်ဆီလို တည်ငြိမ်တဲ့ ခြေစွမ်း ရဖို့ လိုအပ်သေးတယ်ကြောင်း အာဆင်ဝင်းဂါးက ထောက်ပြလိုက်ပါတယ်။

စကော့တလန် တိုက်စစ်မှူးဟောင်း တင်မက် မန်နက်စ်က စကော့တလန်အသင်းမှ လီဗာပူး ဘယ်ခြမ်း ခံစစ်မှူး ရ်ာဘတ်ဆင်ရဲ့ စွမ်းဆောင်ရည်ကို အားမရဖြစ်နေပြီး ဒီထက်ပိုကောင်းအောင် ခြေစွမ်းပြသဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဆန်ကာတင် စာရင်းမှာ ပါဝင်ထားပြီး ဖြစ်တဲ့ လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ ဖီဖာအကောင်းဆုံး ဂိုးသမားဆုအတွက် ထိုက်တန်တဲ့သူ ဖြစ်ကြောင်း အီဒါဆန်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ အားထားရတဲ့ ဆာလက်နဲ့ မာနေး တိုက်စစ် အတွဲရဲ့ နိုင်ငံအသင်းနဲ့ ပွဲစဉ်များ မရှိတာကြောင့် လက်ရှိ နိုင်ငံတကာပွဲစဉ် ကာလ နဲ့ လာမည့် အောက်တိုဘာရဲ့ နိုင်ငံတကာ ပွဲစဉ် ကာလတွေမှာ မွေးရပ်မြေတွေထံ စေလွှတ်စရာ မလိုဘဲ အသင်းမှာ ထိန်းသိမ်း ထားနိုင်ပြီ ဖြစ်ပါတယ်။