ဒီနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်က ရီးရဲလ်ဘက်တစ် အသင်းနဲ့ ယူရိုပါလိဂ်ပွဲ ဒုတိယ အကျော့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပထမ အကျော့တုန်းက အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က ၄-၁ နဲ့ ဂိုးပြတ် အနိုင်ယူထားတာ ဖြစ်လို့ နောက်တစ်ဆင့် တက်ဖို့လည်း အခြေအနေကောင်းတွေ ရှိနေပါတယ်။

ယူနိုက်တက်ဘက်မှာ နောက်ထပ် အဝါကတ် တစ်ခုထိတာနဲ့ ပွဲပယ်ခံရတော့မယ့် ကစားသမား နှစ်ယောက် ထိ ရှိနေပါတယ်။ သူတို့ကတော့ အားထားရတဲ့ အသင်းသားတွေ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ကာဆီမီရို တို့ ဖြစ်ပါတယ်။

တကယ်လို့ ဒီည ဘက်တစ်နဲ့ ပွဲမှာ ဝင်ကစားပြီး သူတို့ အဝါကတ် တစ်ကတ် ထိရင် ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့် ပထမအကျော့ ပွဲစဉ်ကို လွဲချော်မှာပါ။ ဘရာဇီးသား ကွင်းလယ်သမား ကာဆီမီရို ဟာ ဇန်နဝါရီလထဲ အာဆင်နယ်နဲ့ ပွဲတုန်းကလည်း ပွဲပယ်ကြောင့် လွဲချော်ခဲ့ပါသေးတယ်။

နည်းပြ တန်ဟက်ကတော့ အဝါကတ်ကို ရှောင်မနေဘဲ ဖာနန်ဒက်စ်နဲ့ ကာဆီမီရိုတို့ နှစ်ဦးလုံး ဒီည ပွဲထွက်မယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံ မျှော်လင့်ချက် မှေးမှိန်သွားပြီ ဖြစ်တဲ့ ယူနိုက်တက်က ယူရိုပါလိဂ်ကို အားကုန် ထည့်လိုလာဟန်လည်း ရှိနေပါတယ်။

” သူတို့ ဒီည ကစားမှာပါ။ တွေ့ရမှာလည်း တကယ့် ပြိုင်ဘက်ကောင်း ဖြစ်တယ်။ ပြီးခဲ့တဲ့ အပတ်က ရလဒ်ကောင်း ရခဲ့တယ် ဆိုပေမယ့် ဒီပွဲမှာလည်း ထပ် အားထုတ်ရဦးမှာပါ။

ကိုယ့် အကောင်းဆုံး ကစားသမားတွေ ဒီပွဲမှာ ပါဖို့ လိုအပ်ပါတယ်။ ကျနော်တို့ နိုင်ပွဲ လိုအပ်သလို၊ အကောင်းဆုံး အသင်းနဲ့ ထွက်လာဖို့လည်း လိုပါတယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီည ပွဲမှာ ယူနိုက်တက်ဘက်က တောင်ပံတိုက်စစ်သမား ဂနာချို မပါဝင်နိုင်သလို ဖျားနေတဲ့ အန်တိုနီကလည်း စပိန်သို့ လိုက်ပါလာခြင်း မရှိပါဘူး။