ချယ်ဆီးနောက်ခံလူဟောင်း ဂျေဆန်ကန်ဒီက လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ လိဂ်သမိုင်းမှာ အကောင်းဆုံး ခံစစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်ကို ရဖို့ရာ မထိုက်တန်သူဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုလုပ်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ

လီဗာပူးက ဘုန်းမောက်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း ဗန်ဒိုက်ရဲ့ အမှားလည်း တစိတ်တပိုင်း ပါဝင်ခဲ့သလို နယ်သာလန် ခံစစ်မှူးထံက ညံ့ဖျင်းတဲ့ ခြေစွမ်းကို မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ကန်ဒီကတော့ ဗန်ဒိုက်ကို ချီးကျူးတာတွေက ပိုလွန်းတယ်လို့ ဝေဖန်ပြီး သူဟာ အမှားများလွန်းတယ်လို့ ထောက်ပြခဲ့ပါတယ်။

“ သူ့ကို ချီးကျူးကြတာ အရမ်းပိုလွန်းတယ်လို့ ကျွန်တော်မြင်တယ်။ ဗန်ဒိုက်က သိပ်တော်တဲ့ ဗဟိုနောက်ခံလူတစ်ယောက် ဆိုတာ သံသယမရှိပေမယ့် သူက သတိမပြုမိတဲ့ အမှားတွေ အများကြီး လုပ်နေတာပါ။

ကိုဗစ်ကာလအတွင်း သူတို့ ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရတုန်းက ပေးလိုက်ရတဲ့ ဂိုးတစ်ဂိုး ရှိခဲ့တယ်။ ထပ်ပြီးတော့ သူဟာ အဲ့ဒီ့လို အမှားမျိုး ပြုလုပ်နေပါတယ်။ သူက အခွင့်ကောင်းကို စောင့်ပြီး ကြိုးစားနေတဲ့ပုံပေါ်ပေမယ့် အခြေအနေကို မတုံ့ပြန်တတ်ပါဘူး ” လို့ ကန်ဒီက ဆိုပါတယ်။

ဗန်ဒိုက်ဟာ တယ်ရီ၊ ဖာဒီနန်တို့လို အဆင့်မျိုးမှာ မရှိသလို ၎င်းကို ပရီးမီးယားလိဂ် ဂန္တဝင်တွေနဲ့ မနှိုင်းသင့်ဘူးလို့လည်း ကန်ဒီက ပြောခဲ့တာပါ။

“ သူက ကောင်းမွန်တဲ့ ၁၈ လတာ ကာလကို ရခဲ့တယ်။ ဒဏ်ရာပြဿနာက သူ့အပေါ် သက်ရောက်မှုရှိခဲ့တာ သိပါတယ်။ ဒါပေမယ့် ဘုန်းမောက်နဲ့ပွဲက ဂိုးက ဒဏ်ရာနဲ့ ဘာမှမဆိုင်ပါဘူး။

ဒီအခြေအနေကို ကျွန်တော် တိတိကျကျ မထောက်ပြနိုင်ပေမယ့် ညာခြမ်းမှာ သူ့နားကနေ ကျော်လွန်သွားလိုက်တာနဲ့ သူက ရပ်လိုက်ပြီးတော့ အခြေအနေကို တလွဲ ခန့်မှန်းလိုက်တဲ့ပုံပဲ။ လူတွေက သူ့ကို ဂျွန်တယ်ရီ၊ ဖာဒီနန်တို့နဲ့ နှိုင်းကြပေမယ့် သူက အဲ့ကစားသမားတွေရဲ့ အဆင့်ကို မမီပါဘူး ” လို့ ကန်ဒီက မှတ်ချက်ပေးခဲ့ပါတယ်။

ဗန်ဒိုက်ဟာ UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရတဲ့ တစ်ဦးတည်းသော နောက်ခံလူ ဖြစ်ခဲ့သလို ၂၀၁၉ တုန်းက ဘလွန်းဒေါလ်နဲ့ ဖီာ အကောင်းဆုံး ဆုပေးပွဲမှာ ဒုတိယနေရာ ရခဲ့တာဖြစ်ပါတယ်။

သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပေမယ့် ၂၀၂၀ အောက်တိုဘာမှာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်နဲ့ ထိခိုက်မိတာကနေ ကြောက်မက်ဖွယ် အရွတ်ဒဏ်ရာ ရခဲ့ပြီးနောက်ပိုင်း အကောင်းဆုံး ပုံစံမှာ ရှိမနေခဲ့တာပဲ ဖြစ်ပါတယ်။