တီမိုဝါနာက ဘာစီလိုနာနဲ့ ယူနိုက်တက်ကို ပြောင်းဖို့ထက် လီဗာပူးကို ပြောင်းဖို့ကိုပဲ ပိုမို အရေးသာနေတယ်ဆိုတဲ့ သတင်းတွေကို ပြိုင်ဘက်အသင်း ပရိသတ်တွေကတော့ သဘောမကျပါဘူး။ တစ်ချို့ကဆိုရင် ဒါကို လက်မခံကြတာတွေ ရှိကြပါတယ်။

The Athletic သတင်းက ဖော်ပြမှုအရ ယာဂင်ကလော့ပ်နဲ့ ဝါနာတို့ဟာ ဂျာမနီသားတွေ ဖြစ်ကြတဲ့အပြင် လီဗာပူးမှာ တိုက်စစ်သမား လိုအပ်ချက် ရှိနေခြင်းကြောင်း လိုက်ဇစ်တိုက်စစ်သမားကို အန်ဖီးထံ ခေါ်ယူဖို့ ရေပန်းစားနေရုံတင် မကပါဘူး။ တိုက်စစ်သမားရဲ့ အေးဂျင့်ကလည်း ယာဂင်ကလော့ပ်ရဲ့ ဟီးရိုးကြီး ဖြစ်နေပါတယ်။

ယာဂင်ကလော့ပ်ကော တီမိုဝါနာရဲ့ အေးဂျင့် Karlheinz Forster ကပါ ဂျာမနီ အနောက်တောင်ပိုင်းမှာ ကြီးပြင်းခဲ့ကြသူတွေပါ။ နှစ်ဦးလုံးဟာ လူငယ်ကစားသမားဘဝတွေမှာ စတုဂတ်အသင်းကို အားပေးပြီး ကစားပေးခဲ့ကြသူတွေဖြစ်တယ်။ ယာဂင်ကလော့ပ်က စတုဂတ်ခံစစ်မှူးဟောင်း ဖော်စတာကို အထင်ကြီးသူဖြစ်ပြီး လေးစားအားကျခဲ့ရတာဖြစ်တယ်။

ကလော့ပ်ဟာ ငယ်စဉ်တုန်းက အဖွားဖြစ်သူ Anna ကို ဖော်စတာရဲ့ ကျောနံပါတ် ၄ ပါ စတုဂတ်ဝတ်စုံကို ဝယ်ပေးခိုင်းတဲ့ထိ နှစ်သက်ခဲ့သူဖြစ်တယ်။ နောက်ပြီး သူက မိန့်အတွက် ကစားပေးတော့ ဖော်စတာလိုပဲ ကျောနံပါတ် ၄ ကို ဝတ်ဆင်ခဲ့ပါတယ်။

The Athletic သတင်းထောက် Rafael Honigstein ကပဲ ဆက်ပြောပြရာမှာ ကလော့ပ်ဟာ ဖော်စတာနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာ သူက မန်နေဂျာတစ်ယောက်တောင် ဖြစ်နေပါပြီ။ ဒါပေမယ့် သူ့ရဲ့ ငယ်ဘဝစံပြ ကစားသမားကြီးကို လေးစားလွန်းတာကြောင့် သူလုပ်နေကျ ပွေ့ဖက်တာနဲ့ လက်ဆွဲနုတ်ဆက်တာမျိုးကိုတောင် ဖော်စတာအပေါ် မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ကလော့ပ်နဲ့ ဖော်စတာတို့ဟာ အချင်းချင်းလည်း ကောင်းကောင်းကြီး သိကျွမ်းကြပြီး ဒီဆက်ဆံရေးကောင်းကလည်း ဝါနာနဲ့ ချိတ်ဆက်မှုကြားမှာ ပိုမို အဆင်ချောစေတာဖြစ်တယ်။ လီဗာပူးဟာ မတ်လအတွင်းမှာ ဝါနာရဲ့ အေးဂျင့်နဲ့ စကားပြောဖို့ စတင်ဖွယ်ရှိပြီး ကစားသမားကစလို့ အေးဂျင့်ထိ အကုန်လုံးက အဆင်ပြေပြေ ရှိနေတာဖြစ်ပါတယ်။

ZAWGYI





