စပိန်မြေမှာ ကစားတဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ အာဆင်နယ်အသင်းက အိမ်ရှင် ဗလင်စီယာအသင်းကို ၄ဂိုး ၂ ဂိုးနဲ့ ထပ်မံ အနိုင် ရရှိသွားပါတယ်။ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို အူဘာမီယန်းက ဟက်ထရစ်နဲ့ ၃ ဂိုး၊ လာကာဇက်တီက ၁ ဂိုး အသီးသီး သွင်းယူခဲ့တာပါ။

တနင်္ဂနွေနေ့က ပွဲစဉ်အပြီး Top 4 အခွင့်အရေး ဆုံးရှုံးသွားတဲ့ နောက်မှာ ဒီပွဲကို အနိုင်ကစားဖို့ ယုံကြည်ချက် အပြည့်ထားခဲ့ကြောင်း အာဆင်နယ် နည်းပြ အမ်မရီက ဗလင်စီယာနဲ့ ယူရိုပါလိဂ် ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။ ကစားသမားတွေရဲ့ လုပ်အားနှုန်းနဲ့ ပရိသတ်တွေ အတွက် ဂုဏ်ယူမိကြောင်း ၄င်းက ဆိုပါတယ်။

အာဆင်နယ်အသင်း ရဲ့ ဂိုးသမားကြီး ပီတာချက် အတွက် လာမယ့် ယူရိုပါလိဂ်ဖိုင်နယ် အသင်းဟောင်း ချဲလ်ဆီးအသင်း နဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်ဟာ သူ ရဲ့ ကစားသမား ဘ၀ နောက်ဆုံးပွဲစဉ် ဖြစ်လာတော့မှာပါ။

အာဆင်နယ်နဲ့ ချယ်ဆီးတို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ တစ်သင်းကို လက်မှတ်ခွဲတမ်း ၆၀၀၀ စီပဲ ရရှိမှာဖြစ်တဲ့အတွက် နှစ်ဘက်အသင်း ပရိသတ်များက စိတ်ပျက်နေကြပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာ အူနိုင်း အမ်မရီက လာမယ့် နွေအပြောင်းအရွှေ့ကာလမှာ အိုဇေးလ်နဲ့ မီခီတာရန် အပါအ၀င် စီနီယာ ကစားသမား ၅ ဦးကို ရှင်းထုတ်လိုနေပါတယ်။

အာဆင်နယ်အသင်းနဲ့ ချယ်ဆီးတို့ ယူရိုပါလိဂ် ဖိုင်နယ်သို့ တက်ရောက်သွားတာကြောင့် ချန်ပီယံလိဂ် နည်းတူ All English Final ဖြစ်လာခဲ့ပါတယ်။ ဒီရာသီ ဥရောပ ထိပ်သီး ပြိုင်ပွဲ နှစ်ရပ်လုံးရဲ့ ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ် ကလပ်အသင်းများသာ ဖြစ်တာကြောင့် အင်္ဂလန်အသင်းများရဲ့ လွှမ်းမိုးမှု ခေတ်သစ် စတင်ခဲ့ပြီ ယူဆရပါတယ်။