လီဗာပူးအသင်းဟာ သြစတြီးယား ရာသီကြိုကို လိုက်ပါခွင့်ရမယ့် အသင်းသား ၃၄ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။

လူငယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အချို့သော လူငယ်တွေတော့ ပါဝင်လာခြင်း မရှိပါဘူး။ ယာဂင်ခေါ်ဆောင်သါားမယ့် လူငယ်တွေထဲက ဝုဒ်ဘမ်း၊ ရိုင်း၊ ကလယ်ဟာ၊ အီးလီးယော့၊ အဝန်နီယီ တို့ကတော့ အသင်းပရိသတ်တွေ သိနှင့်ထားတဲ့ ကစားသမားတွေဖြစ်လို့ အခြားသော လူငယ် (၁၀) ဦးအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Jake Cain

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူက လီဗာပူးအသင်းနဲ့ အသက် ၉ နှစ်အရွယ်တည်းက စတင် ပူးပေါင်းခဲ့သူဖြစ်တယ်။ သူဟာ ၂၀၁၉ ခုနှစ်ကမှ အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုထားသူဖြစ်ကာ အက်ဖ်အေဖလား အနိုင်ရ လူငယ်အသင်းမှာ ပါဝင်ခဲ့သူဖြစ်တယ်။

ကစားအားကောင်းပြီး၊ တည်ကန်ဘောကောင်းတယ်၊ ဂိုးအတွက် အမြင်ရှိတယ်၊ ဘယ်သန်ဖြစ်တယ်။ ဒါတွေက ကိန်းနဲ့ပက်သက်လို့ သိထားရတာတွေဖြစ်တယ်။ အက်ဖ်အေဖလားပွဲမှာ စီနီယာအသင်းအတွက် ပါဝင်ကစားဖူးပြီး ပွဲအတွေ့အကြုံ အတော်လေး နည်းပါးနေပါသေးတယ်။

Leighton Clarkson

ကိန်းရဲ့ ဘော်ဒါကြီးက လူငယ်အဆင့်မှာ ထူးချွန်တဲ့ ကစားသမားဖြစ်ပါတယ်။ ကလော့ပ် အတော်လေး သဘောကျတဲ့ ကလာဆန်ဟာ နည်းစနစ်ပိုင်း ထူးချွန်တယ်၊ အဝေးဘောပေးတာတွေမှာ ကောင်းမွန်တယ်။ သူဟာ ကိန်းထက်စာရင် အတွေ့အကြုံ ပိုများတဲ့သူလို့ ပြောလို့ ရပါတယ်။

ယူ-၂၃ အသင်းမှာ အဓိက ကစားနေတဲ့သူက ကွင်းလယ်တိုက်ပွဲတွေမှာ ကြောက်ရွံ့မှုကင်းပြီး မန်နေဂျာတွေအကြိုက် ကွင်းလယ်လူမျိုးလို့ သိထားပါတယ်။ ကလာဆန်ရဲ့ အားနည်းချက်က လူကောင်သေးငယ်ခြင်းပဲ ဖြစ်ပါတယ်။

Marcelo Pitaluga

လီဗာပူးအသင်းက ဘရာဇီးကလပ် ဖလူမီနက်စ် အသင်းကနေ ခေါ်ယူထားတဲ့ အသက် ၁၇ နှစ်အရွယ် ပီတာလူးဂါဟာ ခါဘီမှာလည်း လေ့ကျင့်ရေး ဆင်းနေပြီဖြစ်ကာ စီနီယာအသင်းနဲ့ အဓိက လေ့ကျင့်ရေးဆင်းကာ အကယ်ဒမီအသင်းအတွက် ပွဲထွက်ပေးနေသူဖြစ်ပါတယ်။ ရာသီကြို ပြင်ဆင်မှုအဖြစ် သူကို ဗန်ဒိုက်နဲ့ လေ့ကျင့်ရေးအတူ ဆင်းနေတာကို မြင်ထားရပါတယ်။

Billy Koumetio

ပြင်သစ်လူငယ်အသင်း လက်ရွေးစင်ဟာ မနှစ်က ရာသီကြိုမှာ ပရိသတ်တွေကြား စတင် လူသိလာသူပါ။ မန်နေဂျာကလော့ပ်က ‘ ကောင်လေး ဘီလီ’ ရယ်လို့ ခေါ်လေ့ရှိပြီး လူငယ်အဆင့်မှာ ခပ်မြန်မြန် နေရာရလာသူဖြစ်တယ်။ ၁၈ နှစ်သား ခံစစ်မှူးဟာ အတွေ့အကြုံနဲ့ နည်းစနစ်ပိုင်းတွေမှာ တိုးတက်ဖို့ လိုအပ်နေသေးသူဖြစ်တယ်။

Conor Bradley

ဒီကောင်လေးနာမည်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စတင် သိလာရတာပါ။ အသက် ၁၇ နှစ်အရွယ် ညာအစွန်လူဟာ လူငယ် အက်ဖ်အေဖလား ဗိုလ်လုပွဲရောက် ယူ-၁၈ အသင်းရဲ့ ပွဲစဉ် ၆ ပွဲမှာ ၅ ပွဲ ကစားခွင့်ရခဲ့တယ်။ သူဟာ ယူ-၂၃ အသင်းရဲ့ ပင်တိုင် ညာအစွန်လူ ဖြစ်ပါတယ်။

သူဟာ မေလတုန်းက မာတာအသင်းနှင့် ယှဉ်ပြိုင်ကစားတဲ့ မြောက်အိုက်ယာလန် လက်ရွေးစင်အသင်းအတွက် စီနီယာပွဲထွက်ခွင့်လည်း ရခဲ့သူဖြစ်တယ်။ ဘရတ်ဒလေဟာ လူငယ်အသင်းမှာတော့ ပွဲကစားခွင့်တွေ အတော်ရထားပါတယ်။

Owen Beck

ဝီလီယမ်လိုပဲ ဝေလ်းကစားသမားဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ဘယ်အစွန်လူဟာ လီဗာပူးအသင်းရဲ့ ထာဝရ ဂိုးသွင်းရှင်ဖြစ်သူ အီရန်ရှပ်ရဲ့ တူ တော်စပ်သူဖြစ်ပါတယ်။ မနှစ်ကရာသီ ပရီးမီးယားလိဂ် ၂ မှာ ၁၉ ပွဲ ကစားခဲ့ပြီး ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်နိုင်ခဲ့တယ်။

အိုဝင်ဘက်ဟာ ဘရတ်ဒလေနဲ့ ယူ-၂၃ အသင်းမှာ တောင်ပံတစ်ဘက်တွေကနေ ကစားနေသူဖြစ်တယ်။ အစွန်နေရာကို စိတ်ပါဝင်စားစွာ ကစားတဲ့ ခံစစ်မှူးဖြစ်တဲ့ သူကလည်း ဘရတ်ဒလေလိုပဲ တိုက်စစ်ပံ့ပိုးမှုကို ကောင်းကောင်းလုပ်နိုင်ပါတယ်။

Kaide Gordon

ကိတ်ဂေါ်ဒန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ချန်ပီယံရှစ်ကလပ် ဒါဘီကနေ လီဗာပူးအသင်းထံ ပေါင် ၃ သန်းဖြင့် ပြောင်းလာခဲ့သူဖြစ်တယ်။ ဘယ်တောင်ပံ၊ ညာတောင်ပံနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေကို ပိုင်နိုင်တဲ့ ဂေါ်ဒန်ဟာ လီဗာပူးနဲ့ ကာလရှည်စာချုပ်လည်း ချုပ်ဆိုထားပြီးဖြစ်တယ်။

လီဗာပူးလူငယ်အသင်း နည်းပြတွေကတော့ ဂေါ်ဒန်ဟာ အီးလီးယော့ထက်တောင် ပါရမီပိုရှိသူဖြစ်ပြီး သူတို့ နှစ်ဦးဟာ အနာဂတ်မှာ စီနီယာပွဲထွက်ခွင့်အတွက် အပြိုင်ဖြစ်လာကြမယ့်သူတွေလို့ပါ မှန်းဆထားပါတယ်။

Mateusz Musialowski

လီဗာပူးကို မရောက်ခင်တည်းက ပိုလန်ကလပ် SMS Lodz အသင်း လူငယ်ပြိုင်ပွဲတွေမှာ ပွဲပေါင်း ၈၀ ကစားထားကာ ဂိုးပေါင်း ၁၃၀ သွင်းယူထားနိုင်တာကြောင့် ပိုလန်ရဲ့ အံ့ဖွယ်လူငယ်လေးလို့လည်း လူသိများသူဖြစ်တယ်။

ဒေါ့မွန်ဟာ ဆန်ချိုနေရာအတွက် နောက်ထပ် လူငယ်စတားတစ်ဦး ပြန်လည်ခေါ်ယူသွားဖို့ စီစဉ်ရာမှာ လီဗာပူးအသင်းရဲ့ တိုက်စစ်သမား မြူဇီယာလိုစကီးကိုပါ ခေါ်ယူလိုခဲ့တယ်။ လီဗာပူးအသင်းရဲ့ အလားအလာရှိ လူငယ်တွေထဲက တစ်ဦးဖြစ်ပါတယ်။

Tyler Morton

ကုန်ခဲ့တဲ့ နှစ်နှစ်အတွင်း လူငယ်အသင်းမှာ စွယ်စုံရ ကွင်းလယ်လူအဖြစ် နာမည်ထွက်လာခဲ့တယ်။ အသက် ၇ နှစ်ထဲက လီဗာပူးအသင်းနဲ့ ပူးပေါင်းခဲ့တဲ့ သိုင်လာဟာ မနှစ်တုန်းက ယူ-၂၃ အဆင့်မှာ စတင်ကစားခဲ့ရပါတယ်။

Harvey Davies

ဒီလထဲမှာပဲ လီဗာပူးနဲ့ ပရိုစာချုပ်ချုပ်ဆိုခဲ့တဲ့ ၁၇ နှစ်သား ဂိုးသမားလေးဖြစ်ပါတယ်။ လူငယ်အဆင့်တွေမှာ ထူးချွန်သူလို့ သိထားရတယ်။