လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်အတ်ဝပ်ဟာ ကလပ်ရဲ့ အဓိက ကစားသမားတွေကို ဆက်လက် ထိန်းသိမ်းဖို့နဲ့ သူတို့ရဲ့ တန်ကြေးတွေကို ကာကွယ်ဖို့ရာ အဓိကကျတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

The Atheltic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်ရဲ့ ဖော်ပြမှုအရ အသင်းဟာ အဓိက အသင်းသားတွေဖြစ်တဲ့ အယ်လီဆန်နဲ့ ဖာဘင်ညိုကို ရာသီသစ်မစခင် ကာလရှည် လက်မှတ်ထိုးလိုတယ်။ ၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်မယ့် ဗန်ဒိုက်၊ ဆာလာနဲ့ မာနေးတို့ကိုလည်း ထိပ်တန်း စာချုပ်သစ်တွေပေးလိုကာ သူတို့ထက် တစ်နှစ် ပိုသက်တမ်းရှိတဲ့ ထရန့်နဲ့ ရော်ဘတ်ဆန်တို့အတွက် စာချုပ်သစ်တွေ ပေးနိုင်ဖို့လည်း စီစဉ်ထားပါတယ်။

သို့ပေမယ့်လို့ ကလပ်ရဲ့ ကာလရှည် အမှုထမ်းအဖြစ် အသင်းမှာ ဆယ်စုနှစ်ကြာ ရှိထားခဲ့တဲ့ ဂျော်ဒန် ဟန်ဒါဆန်ရဲ့ စာချုပ်သစ်ကိစ္စကတော့ မသေချာသေးပါဘူး။ ဂျိမ်းပီယော့ဇ်ရဲ့ အဆိုအရ ပြီးခဲ့တဲ့ရာသီ အဆုံးသတ်ခဲ့ကတည်းက ဟန်ဒိုကို စာချုပ်သစ်ပေးနိုင်ရေးအတွက် ကလပ်ဘက်က စတင် စကားပြောနေပေမယ့် တိုးတက်မှု လုံးဝ မရှိထားဘူးလို့ သိရတယ်။

ညိနှိုင်းမှုက ပျက်ပြယ်ခဲ့တာမျိုး မဟုတ်ဘဲ ဆက်လက် တွေ့ဆုံ စကားပြောမှုတွေ ရှိနေပေမယ့် ကလပ်ရဲ့ ကိုယ်စားလှယ်နဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တို့ကြား စကားပြောမှုတွေမှာ ခက်ခဲ ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိနေတယ်။ လက်တလောမှာ လီဗာပူးပိုင်ရှင်တွေကလည်း ဟန်ဒါဆန်ကို သက်တမ်းတိုးဖို့ထက် ပိုကြီးမားတဲ့ ဦးစားပေးကိစ္စတွေကို ရင်ဆိုင်နေရပါတယ်။

အခုချိန်ထိ မသေချာသေးမှုတွေကလည်း ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး အားလပ်ရက်ရထားတဲ့ ဟန်ဒါဆန်ကို ကလပ်ကနေ ထွက်ခွာခွင့်အတွက် တံခါးဖွင့်ထားပေးတဲ့ အခြေအနေဖြစ်တယ်။

ဝိုက်နယ်ဒမ်ဟာ ပီအက်စ်ဂျီထံ မပြောင်းခင် လီဗာပူးနဲ့ သက်တမ်းတိုးကိစ္စ ညိနှိုင်းရေးတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ စာချုပ်နောက်ဆုံးနှစ် မရောက်ခင် ဝိုက်နယ်ဒမ်ကို ရောင်းထုတ်ဖို့ လီဗာပူးဘက်က စဉ်းစားခဲ့ပေမယ့် အဆုံးမှာတော့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်ခဲ့ရပါတယ်။ ဟန်ဒါဆန်ရဲ့ အခြေအနေကလည်း နယ်သာလန်သားရဲ့ လမ်းစဉ်အတိုင်း ဖြစ်လာဖို့ ဦးတည်လာနေပါတယ်။

FSG က လူငယ်ကစားသမားတွေအပေါ် ရင်းနှီးမြုပ်နှံမှုကိုပဲ ပိုမို အားသန်နေပြီး ကလပ်နဲ့ လက်ရှိ စာချုပ် ကုန်ဆုံးချိန်မှာ ဟန်ဒါဆန်ဟာ အသက် ၃၃ နှစ် အရွယ်ရှိမှာဖြစ်တယ်။ သူ့ကို ပီအက်စ်ဂျီ မန်နေဂျာ ပိုချက်တီနိုက သဘောကျနေသလို အသင်းဖော်ဟောင်း လူးဝစ် ဆွာရက်စ်ရှိတဲ့ အက်သလက်တီကိုကလည်း ဟန်ဒါဆန်ကို နှစ်သက်မှု ရှိပါတယ်။ ပီအက်စ်ဂျီနဲ့ တီကိုတို့ဟာ ဝါရင့် ကစားသမားတွေကို မြင့်မားတဲ့ လုပ်ခဖြင့် ကမ်းလှမ်းခေါ်ယူလေ့ ရှိပေမယ့် တီကိုရဲ့ ဘဏ္ဍာရေးအခြေအနေက ရှင်းလင်းစွာ မသိရသေးပါဘူး။

ယာဂင်ကလော့ပ်က ကလပ်အသင်းခေါင်းဆောင်ရဲ့ သစ္စာကြီးမှုကို အထင်ကြီးတယ်။ သူတို့ နှစ်ဦးဟာ ကောင်းမွန်ခိုင်မြဲတဲ့ ဆက်ဆံရေးလည်း ရှိထားပါတယ်။ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလား အနိုင်ရခြင်းတွေက ဟန်ဒါဆန်ရဲ့ သက်ရောက်မှု အများကြီး ပါဝင်ကြောင်း ယာဂင်ကလော့ပ်က နားလည်ထားတယ်။ ကလော့ပ်ရဲ့ အမြင်မှာတော့ ဟန်ဒါဆန်ဟာ စံနမူနာထားရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ယာဂင်ရဲ့ သဘောအတိုင်းဆိုရင် ဟန်ဒါဆန်ကို သက်တမ်းတိုးဖို့ကိုပဲ ရွေးချယ်မှာဖြစ်တယ်။ သို့ပေမယ့် ဝိုက်နယ်ဒမ်ရဲ့ ထွက်ခွာမှုအရ နားလည်လိုက်ရတာက ကစားသမားတွေရဲ့ စာချုပ် ကိစ္စတွေမှာ ယာဂင်ဟာ ထိန်းချုပ်ပိုင်ခွင့် အပြည့်အဝ မရှိပါဘူး။ ဘာလို့လည်းဆိုတော့ ဝိုက်နယ်ဒမ်ဟာ ကလော့ပ်အကြိုက် ကစားသမားဖြစ်ခဲ့ပြီး ဂျာမာန်သားက နောက်ဆုံးအချိန်ထိ သူ့ ကစားသမားကို အန်ဖီးမှာ ဆက်ရှိနေဖို့ပဲ မျှော်လင့်ခဲ့လို့ဖြစ်ပါတယ်။

ယာဂင်ဟာ လီဗာပူးရဲ့ ကစားသမား စီမံမှုတွေမှာ ပါဝင်ခွင့်ရပေမယ့် ဘဏ္ဍာရေးအရ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ FSG ရဲ့ ဥက္ကဋ္ဌဖြစ်သူ မိုက် ဂေါ်ဒန်နဲ့ အားကစားဒါရိုက်တာ အတ်ဝပ်သည်ပဲ အတည်ဖြစ်တယ်။ လီဗာပူးအသင်းအတွက် ဟန်ချက်ညီစေမယ့် ကိစ္စတွေကို စီမံဖို့မှာ ဂေါ်ဒန်နဲ့ အတ်ဝပ်တို့ဟာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ဘေးချိတ်ကြပါလိမ့်မယ်။

မာနေး၊ ဆာလာ၊ ဖာမင်နို၊ မာတစ်၊ ရှာကွီရီတို့က အသက် ၂၉ နှစ်အရွယ်တွေ ရောက်လာပြီဖြစ်ကာ ဗန်ဒိုက်နဲ့ သီယာဂိုတို့က ၃၀ တွေရှိလာခဲ့ပါပြီ။ ဟန်ဒါဆန်က ၃၁ နှစ်နဲ့ လာမယ့်နွေမှာ သက်တမ်းကုန်တော့မယ့် ဂျိမ်းမီလ်နာက ၃၅ နှစ်ဖြစ်တယ်။ လီဗာပူးအဝတ်လဲခန်းမှာ ဟန်ဒါဆန်ရဲ့ လွှမ်းမိုးမှု ကြီးမားတာကို သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် လီဗာပူးအတွက် ခေါင်းဆောင်ကောင်း ရှားပါးနေတာမျိုးတော့ မဟုတ်ဘဲ ဗန်ဒိုက်၊ ဆာလာနဲ့ ရော်ဘတ်ဆန်တို့ကလည်း လက်ရွေးစင်အသင်းတွေမှာ အသင်ခေါင်းဆောင် ဖြစ်လာနေပါတယ်။

ဒီနွေမှာ FSG ဘယ်လို စီမံမလဲဆိုတာကလည်း အရေးပါလာတယ်။ လီဗာပူးအသင်းဟာ နောက်ထပ် ၃ နှစ်ကနေ ၄ နှစ်ထိ ကောင်းကောင်းကြီး သုံးနိုင်မယ့် လူစာရင်းကို ပြန်လည် တည်ဆောက်နေတယ်။ ဒီအတွက်လည်း အသက် ၂၂ နှစ်အရွယ် ကိုနတေးကို ပေါင် ၃၅ သန်း သုံးပြီး ခေါ်ယူထားပါတယ်။ နောက်ထပ်သော အပြောင်းအရွှေ့ ကိစ္စတွေကတော့ ဝဲလ်ဆန်နဲ့ ဂရုဂျစ်လို ကစားသမားတွေကို ရောင်းထုတ်ပြီးရင် ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်ဟာ အသင်းလူစာရင်းကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းရတော့မယ့် နှစ်အဖြစ် FSG က ယုံကြည်ထားပေမယ့် ကိုဗစ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးထိခိုက်မှု ဖြစ်လာခဲ့ရာက ဈေးကွက်ကတည်း မတည်မငြိမ်ဖြစ်လာခဲ့တယ်။ လာမယ့်နွေမှာဆိုရင် ကိတ်တာနဲ့ ချိန်ဘာလိန်တို့ကလည်း သူတို့ရဲ့ နောက်ဆုံး ဘောလုံးရာသီကို ရောက်လာကြပါမယ်။

ဂျော်ဒန်ဟန်ဒါဆန်အတွက် ဒီနွေက အရေးပါတဲ့ ကာလတစ်ခုဖြစ်လာမယ်လို့ လီဗာပူးသတင်းပေးက The Athletic ကို ပြောပါတယ်။ ဟန်ဒါဆန်အတွက် ငွေကြေးက အဓိက မကျပါဘူး။ သူက အမြဲတမ်း ကလပ်ကို ဦးစားပေးခဲ့သူဖြစ်တယ်။ သူ့အတွက် အဓိက ကျလာမှာက ယာဂင်ကလော့ပ်ရဲ့ အစီအစဉ်မှာ သူပါဝင်ခွင့်ရဦးမလား? ကလပ်ရဲ့ အစီအစဉ်တွေမှာ သူ့ကို ထည့်ထားကြဦးမှာလား? အထူးသဖြင့် ကလပ်က သူ့ကို အလိုရှိရဲ့လားဆိုတဲ့ ကိစ္စ ဖြစ်လာပါတယ်။

ဟန်ဒါဆန်ရဲ့ အချစ်ဆုံးသူငယ်ချင်း လယ်လာနာကတော့ သူ့ဘော်ဒါကြီးဟာ အသိအမှတ်ပြုခံရခြင်း နည်းပါးနေတယ်လို့ ယုံကြည်တယ်။ ဟန်ဒါဆန်ရဲ့ ခေါင်းဆောင်မှု ကောင်းမွန်ခြင်းကို လူတိုင်းက အသိအမှတ်ပြုပေမယ့် ကွင်းအတွင်းက သူ့ရဲ့ အသုံးဝင်မှုကို မြင်ပေးနိုင်စွမ်းရှိသူ နည်းပါးနေပါတယ်။

အမှတ်ပေးဖလား အနိုင်ရ လီဗာပူးအသင်းအတွက် နံပါတ် ၈ နေရာက ကစားပေးခဲ့တဲ့ ဟန်ဒါဆန်က လိုအပ်ချက်အရ နံပါတ် ၆ နေရာအပြင် ဗဟိုခံစစ်ထိပါ ဖြည့်ကစားပေးထားတယ်။ လီဗာပူးကစားသမားဘဝ ပွဲ ၄၀၀ ပြည့်ဖို့ ၈ ပွဲပဲလိုတဲ့ ဟန်ဒါဆန်က ယာဂင်ကလော့ပ် လက်အောက် ပွဲထွက်စာရင်းက ပါဝင်ရမှုနဲ့အတူ အမှတ်ပေးပွဲ ၁၁၆ ပွဲ ကစားထားရာမှာ ၁၃ ပွဲပဲ အရေးနိမ့်ထားကာ ရာနှုန်းအားဖြည့် ၁၁% ဖြစ်တယ်။ သူမပါတဲ့ ပွဲတွေအဖြစ် အမှတ်ပေးပွဲ ၅၆ ပွဲမှာ လီဗာပူးက ၁၀ ပွဲထိ အရေးနိမ့်ခဲ့ကာ ၁၈% ရှိပါတယ်။

ဟန်ဒါဆန် ပါဝင်တိုင်းမှာ လီဗာပူးရဲ့ တစ်ပွဲပျှမ်းမျှ သွင်းဂိုး ၁.၂၇ ဂိုး ရှိပေမယ့် သူမပါရင်တော့ ဝ.၅၉ ဂိုး ထိ ထိုးကျသွားခဲ့တယ်။

ဟန်ဒါဆန် ရင်ဆိုင်နေရတဲ့ ပြဿနာက ၂၀၁၅ တုန်းက အသက် ၃၄ နှစ်အရွယ် စတီဗင်ဂျရတ် ရင်ဆိုင်ခဲ့ရစဉ်ကနဲ့ တူညီပါတယ်။ စတီဗင်ဂျရတ်က လီဗာပူးနဲ့ သက်တမ်း မတိုးလိုခဲ့တာ မဟုတ်ပါဘူး ကလပ်ရဲ့ တာဝန်ရှိသူ အိုင်ရန်အေရီက လုပ်ခရဲ့ ၄၀% ထိကို လျော့ချတဲ့ တစ်နှစ် စာချုပ်ပဲ ပေးခဲ့သလို မန်နေဂျာရော်ဂျာကလည်း ပွဲကစားခွင့်တွေ လျော့ချမယ်လို့ အသိပေးခဲ့တယ်။ စတီဗင်က စကားတစ်ခွန်း ပြောခဲ့ပါတယ် ” သူတို့ ကျနော်ကို လိုချင်တာထက်ပိုပြီး ကျနော်က အသင်းမှာ ဆက်နေလိုစိတ် ရှိနေခဲ့ပုံရပါတယ် ” လို့ဖြစ်တယ်။

ဘောလုံးသမားတွေရဲ့ ကစားသမားဘဝဆိုတာ တိုတောင်းပါတယ်။ ဟန်ဒါဆန်ဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးကာလတွေမှာ ငွေကြေးကို တောင်းဆိုမှာ မဟုတ်ပေမယ့် ပွဲကစားခွင့်တော့ ရလိုမှာဖြစ်တယ်။ ၂၀၁၈ တုန်းက လီဗာပူးနဲ့ သက်တမ်းတိုးခဲ့စဉ်မှာ ဟန်ဒါဆန်က ” အန်ဖီးထက် ကျနော် ဘောလုံးကစားချင်တဲ့ အခြားနေရာရယ်လို့ မရှိတော့ပါဘူး။ ကျနော် ကစားနိုင်သလောက် ဒီမှာပဲ ကစားလိုပါတယ် ” လို့ ဆိုထားခဲ့တယ်။

စတီဗင်ဂျရတ် ဖြစ်ရပ်မျိုး တစ်ကျော့ပြန်လာဦးမလား မပြောနိုင်သေးပေမယ့် ကလပ်ရဲ့ သမိုင်းဝင် အသင်းခေါင်းဆောင်အဖြစ် ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်ထားတဲ့ ဟန်ဒါဆန်ဟာ လီဗာပူးမှာ ဆက်ရှိနေဖို့ မသေချာတဲ့ အခြေအနေကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။