လီဗာပူးအသင်းဟာ လူစာရင်း အသစ်တည်ဆောက်မှုထက်စာရင်း ပြောင်းလဲ တည်ဆောက်မှုကို ရွေးချယ်လာမှာဖြစ်ပြီး အသက် ၃၀ အထက် ကစားသမားတွေဟာ အသင်းမှာ အနာဂတ်ရှည် ဆက်ဖို့ သံသယဝင်စရာ အနေအထားကို ရောက်လာခဲ့ပါပြီ။

The Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်ကပဲ ဒီနွေမှာ လီဗာပူးအသင်းဟာ အဓိက ကစားသမားအချို့ကို ကာလရှည် သက်တမ်းတိုးနိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ် အဓိက ပါဝင်ကြိုးကိုင်မယ် သက်တမ်းတိုးမှုမှာ အယ်လီဆန်၊ ဖာဘင်ညို၊ ဗန်ဒိုက်၊ ထရန့်၊ ရော်ဘတ်ဆန်တို့ ပါဝင်သွားဖို့ ရှိနေပါတယ်။

လာမယ့် ၁၂ လဟာ လီဗာပူးအတွက် အရေးကြီးတဲ့ ကာလတစ်ခုဖြစ်ပြီး လူစာရင်းကို ပြန်လည် အားဖြည့်ဖို့နဲ့ သွေးသစ်လောင်းဖို့ လိုကို လိုအပ်လာခဲ့ပြီဖြစ်တယ်။ ဒီကိစ္စအတွက် ပရိသတ်တွေ ခံစားရနိုင်တဲ့ အပြောင်းအလဲမျိုးတွေ ဖြစ်လာဖို့လည်း အလားအလာရှိနေခဲ့ပါပြီ။

ချန်ပီယံလိဂ်ဖလား အနိုင်ရပြီးနောက် ဈေးကွက် ၅ ခုစာကို ရောက်ရှိလာပြီဖြစ်တဲ့ လီဗာပူးဟာ စီနီယာအသင်းအတွက် အဓိက အားဖြည့်မှုအဖြစ် ဂျိုတာ၊ သီယာဂိုတို့ကိုပဲ ဦးစားပေး ခေါ်ယူထားနိုင်တယ်။ မီနာမီနို၊ ကိုစတက်တို့ကတော့ အရန်အတွက် အားဖြည့်မှုပဲ ဖြစ်ခဲ့ပါတယ်။ ဒီနွေမှာတော့ လိုက်ဇစ်မှ ကိုနတေးကို ခေါ်ယူထားနိုင်ပါပြီ။

FSG က အသင်းဟာ နောက်ပြန်သွားလို့ မရသလို အသင်းသား အများအပြားကိုလည်း အရွယ်ဟိုင်းချိန်ထိ အတူတကွ ဆက်ထိန်းထားလို့ မရဘူးဆိုတာ နားလည်တယ်။ ဒါကပဲ ဝိုက်နယ်ဒမ်ကို သက်တမ်းမတိုးဘဲ လက်လွတ်ရတဲ့ အချက်ဖြစ်ပြီး အနာဂတ်မှာလည်း တူညီတဲ့ ကိစ္စတွေ ထပ်ဖြစ်လာနိုင်ပါတယ်။

ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေက ဆက်လက်ပြီး စောင့်ကြိုနေပါတယ်။

ဥပမာအားဖြည့် လီဗာပူးအသင်းအတွက် ဆာလာ၊ မာနေး၊ ဖာမင်နိုတို့က ဘယ်လောက်တောင် အရေးပါသလဲဆိုတာ ရှင်းပြစရာ မလိုလောက်ပါဘူး။ ဒါပေမယ့်လို့ ကလပ်က သူတို့ အားလုံးကို သက်တမ်းတိုးမှာ မဟုတ်ပါဘူး။

တိုက်စစ်သမား အားလုံးက အသက် ၂၉ နှစ်အရွယ်တွေ ရောက်နေကြပြီဖြစ်ကာ စာချုပ် နောက်ဆုံး ၂ နှစ်တွေကို ရောက်လာခဲ့ပါပြီ။ လီဗာပူးက သူတို့အားလုံးကို အသက် ၃၃ နှစ်လောက် အရွယ်ထိ မြင့်မားတဲ့လုပ်ခဖြင့် အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် တစ်ပြိုင်နက်တည်း သူတို့ ၃ ဦးနေရာကို အခြား ကစားသမားတွေဖြင့် အစားထိုးလိုက်ဖို့လည်း အသင်းဘက်က ကြိုးစားနိုင်မှာ မဟုတ်ဘူး။

လီဗာပူးက သူတို့ သုံးဦးတည်းက အရေးပါဆုံး ကစားသမားဖြစ်တဲ့ ဆာလာကို ကာလရှည် သက်တမ်းတိုးဖို့ကို ဦးစားပေး ရွေးချယ်ခဲ့ပြီဖြစ်တယ်။ လက်ရှိ လီဗာပူးအသင်း စာချုပ်သစ်အတွက် စကားပြောနေတဲ့အထဲ ဆာလာလည်း ပါဝင်နေပါတယ်။

ဆာလာက စပိန်လိဂ်အကြောင်း အင်တာဗျူး ဖြေဆိုမှုတွေ ရှိထားပေမယ့် ကလပ်ရဲ့ နာမည်အကြီးဆုံး တိုက်စစ်သမားကို လီဗာပူးဘက်က လုံးဝ လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဆာလာနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုရဖို့ အာမခံချက်လည်း ရှိတဲ့ အခြေအနေ မဟုတ်ဘူး။ ကိုဗစ်ကပ်ဘေးဟာ ဥရောပက ဘောလုံးအသင်းတိုင်းရဲ့ လုပ်ခနဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ကို အကန့်အသတ် ရှိစေခဲ့တာဖြစ်ပါတယ်။

ဆာလာပြီးရင်တော့ လီဗာပူးရဲ့ နောက်ထပ် သက်တမ်းတိုးမယ့် ကစားသမားက မာနေးပဲ ဖြစ်လာလိမ့်မယ်။ တိုက်စစ် သုံးဦးတွဲမှာ လီဗာပူးဘက်က သက်တမ်းတိုးဖို့ ဦးစားမပေးမယ့်သူက ဖာမင်နိုဖြစ်လာနိုင်ပါတယ်။ မနှစ်ကရာသီမှာ ဂျိုတာရဲ့ တောက်ပလာမှုက လာမယ့် အောက်တိုဘာမှ အသက် ၃၀ အရွယ်ရောက်လာမယ့် ဖာမင်နိုရဲ့ ပွဲထွက်ခွင့်ကိုလည်း ကြီးကြီးမားမား ခြိမ်းခြောက်လာခဲ့ပါပြီ။

အကယ်လို့ ဖာမင်နိုကို သက်တမ်း မတိုးဘူးဆိုရင်တော့ ဒီနွေ (သို့) လာမယ့်နွေမှာ ဘရာဇီးတိုက်စစ်သမားကို ရောင်းထုတ်ရေးအား လီဗာပူးဘက်က စတင်ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။

FSG ဘက်က ချန်နဲ့ ဝိုက်နယ်ဒမ်တို့ကို အလွတ်ဖြင့် လက်လွတ်ပေးလိုက်တာကို ကြည့်မယ်ဆိုရင် စာချုပ်သစ်တွေပေးပြီး နောက်ဈေးကွက်တွေမှာ ရောင်းထုတ်ဖို့ ကြိုးစားတာထက် သန်းပေါင်းများစွာ ကုန်ကျမယ့် လုပ်ခ ပေးချေမှုတွေအတွက် စွန့်စားမှု မလုပ်ဖို့ကိုပဲ ရွေးချယ်ခဲ့တာ မြင်ရပါလိမ့်မယ်။

လီဗာပူးအသင်းဟာ မနှစ်က နွေမှာ ဘိုင်ယန်မြူးနစ်မှ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူခဲ့တာကလွဲလို့ အသင်းရဲ့ ကစားသမားခေါ်ယူမှု ပေါ်လစီက အပြောင်းအလဲ ရှိမှာ မဟုတ်ပါဘူး။ အသက် ၂၄ နှစ်နဲ့ ၂၄ နှစ်အောက် ကစားသမားတွေကို ခေါ်ယူပြီး သူတို့ရဲ့ အလားအလာကို ပိုမို မြင့်တင်ခြင်းဖြင့် ဆုဖလား စိန်ခေါ်ဖို့ကပဲ အသင်းရဲ့ အစီအစဉ် ဖြစ်ပါတယ်။

လီဗာပူးရဲ့ အောင်မြင်မှုအတွက် ယာဂင်က သက်ရောက်မှုကြီးကာ သူဟာ သစ္စာရှိမှုကို နှစ်သက်တဲ့ မန်နေဂျာမျိုး ဖြစ်ပါတယ်။ ကလပ်ရဲ့ ဂုဏ်သိက္ခာရှိ ဆုဖလား အောင်မြင်မှုတွေမှာ ယာဂင်က တကယ့်ကို ဆရာကျသူဖြစ်တယ်။

ဒါပေမယ့်လို့ ကလပ် ဆက်လက် အောင်မြင်နိုင်ရေးအတွက် ခံစားချက်မပါဘဲ အညှာအတာကင်းတဲ့ ဆုံးဖြတ်ချက်တွေအတွက်တော့ အတ်ဝပ် ဝင်ရောက်လာမှာဖြစ်ပါတယ်။

ယာဂင်ဟာ လီဗာပူးနဲ့ ၂၀၂၄ ခုနှစ်ထိပဲ စာချုပ်ရှိနေပြီး မကြာခင်မှာတော့ ဖြေရှင်းရမယ့် ကိစ္စတွေ များပြားလာပါလိမ့်မယ်။ အဲ့မတိုင်ခင်မှာတင် အသင်းရဲ့ ရှင်းကိုရှင်းရမယ့် ကိစ္စတွေအတွက် အတ်ဝပ်က ခံစားချက်တွေကို ဘေးချိန်ပြီး ကိုင်တွယ်ပေးမှာ ဖြစ်ပါတယ်။

လူစာရင်း ပြန်လည်အားဖြည့်မှု၊ ရှင်းထုတ်မှုတွေက ပုံမှန်ကို လုပ်ဆောင်နေရမယ့် ကိစ္စတွေဖြစ်တယ်။ လီဗာပူးပရိသတ်တွေကတော့ ကလပ်ရဲ့ အောင်မြင်မှုကို အတူတကွ စားသုံးခွင့်ပေးတဲ့ ဟန်ဒါဆန် အပါအဝင် ဂန္တဝင်ကြီးတွေကို စာချုပ်ကုန်တဲ့အထိ အသင်းမှာ ဆက်ရှိစေလိုမှာဖြစ်တယ်။ ဒါပေမယ့်လို့ ကလပ်ရဲ့ အောင်မြင်မှုအတွက် အချို့သော ရွေးချယ်မှုတွေဟာ နာကျင်ရမှုတွေ ဖြစ်လာစေမယ်ဆိုတာက လက်တွေ့ကျတဲ့ အခြေအနေ ဖြစ်လာဖို့ ရှိနေခဲ့ပါပြီ။

ဟန်သာ