ရာသီကြိုမှာ အသေးစားဒဏ်ရာ ရှိထားခြင်းကြောင့် ဂိုးသမား ကွီဗန် ကလယ်ဟာကို မိနစ် ၃၀ ကစားတဲ့ အစောပိုင်း ချစ်ကြည်ရေးပွဲ ၂ ပွဲမှာ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။

သို့ပေမယ့်လို့ ဒဏ်ရာက ပြန်သက်သာနေတဲ့ လူငယ်ဂိုးသမားလေးဟာ သောကြာနေ့မှာ ယှဉ်ပြိုင်ရမယ့် ဘွန်ဒက်လီဂါကလပ် မိန့်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရလာဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာပဲ ကလယ်ဟာက “ ဒူးမှာ ထိခိုက်မှု အနည်းငယ်ရှိခဲ့ပါတယ် ဒါပေမယ့် ပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်ပါဘူး။ ကျနော် လေ့ကျင့်ရေးမှာ ပြန်ပါနေပြီး မိန့်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ကြံ့ခိုင်မှု ကောင်းကောင်းဖြင့် ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ” လို့ ဖွင့်ဟခဲ့တယ်။

ကြာသပတေးနေ့ မနက်ပိုင်း လေ့ကျင့်ရေးအပြီးမှာပဲ ဆဲလ်ဘတ်က ဟိုတယ်မှာ ကလယ်ဟာက လီဗာပူးအသင်း စီစဉ်ထားတဲ့ အင်တာဗျူးကို ဖြေဆိုပေးခဲ့တာဖြစ်တယ်။ အင်တာဗျူး အသေးစိတ်ကို ဆက်လက် ဖတ်ရှုပေးကြမယ် မျှော်လင့်ပါတယ်။

LFC – ကွီဗန်ရေ သြစတြီးယားမှာ ရာသီကြိုပြင်ဆင်တာ ၁၁ ရက် ရှိလာပြီးနော် အခြေအနေ ဘယ်လိုလဲ?

ကလယ်ဟာ – ကောင်းတယ်ဗျ။ ကျနေ်ာတို့တွေ လေ့ကျင့်ရေးတွေ ကောင်းကောင်းလုပ်ထားနိုင်တယ်။ အချင်းချင်းလည်း ပိုမို နားလည်လာတာက ကောင်းပါတယ်။ အလုပ်တွေ ကြိုးစားကြပြီး များသောအားဖြင့် တစ်ရက်တည်း လေ့ကျင့်ချိန် နှစ်ချိန်တွေကို လုပ်နေကြပါတယ်။ အခုထိ လုပ်လာသမျှတော့ ကောင်းပါတယ်။

LFC – မင်း ကြံ့ခိုင်မှုနဲ့ ပုံစံကောင်းတွေ ရလာပြီလို့ကော ခံစားရလား?

ကလယ်ဟာ – ရတာပေါ့။ အစောပိုင်းရက် အနည်းငယ်တုန်းကတော့ ကိုယ်ရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရဖို့ ခက်တာပေါ့။ ၁၁ ရက်လောက် ရှိလာပြီဆိုတော့ အခုဆို ကိုယ်ပုံစံကောင်းတွေ စရလာကြပါပြီ။

LFC – ဂိုးနည်းပြတွေနဲ့ကော အထူးလေ့ကျင့်ရတာတွေ ရှိနေမလား?

ကလယ်ဟာ – အခြေခံ လေ့ကျင့်ရေးတွေကို ကျနေ်ာတို့ လုပ်ဆောင်နေပါတယ်။ ပုံစံကောင်းတွေ ရနေဖို့အတွက် ကျနေ်ာတို့ အားလုံးကို ကြိုးစားနေတယ်။ ရာသီမသိမ်းခင်တုန်းကလို ပုံစံကောင်းတွေကို ရာသီကြိုမှာ ပြန်ရဖို့ ကျနေ်ာတို့တွေ ပြန်ကြိုးစားနေပါတယ်။

LFC – ကိုပါအမေရိကကြောင့် အယ်လီဆန်ကအဝေးကို ရောက်နေတယ်။ ဂိုးသမားအဖွဲ့မှာတော့ မင်းက စီနီယာတစ်ယောက်အဖြစ် ပါဝင်ခွင့်ရနေတယ်။ ဒီအတွေ့အကြုံအပေါ်ကော ကျေနပ်မှုရှိလား?

ကလယ်ဟာ – ကျနော် ကျေနပ်ပါတယ်။ ဒါက ကျနော်အတွက် စိန်ခေါ်မှုသစ်ပါပဲ။ ကိုယ်တိုင်အတွက်လည်း တာဝန် ပိုကြီးလာတယ်လို့ ခံစားရပါတယ်။

LFC – သောကြာနေ့ မိန့်နဲ့ပွဲက မိနစ် ၉၀ ကြာမှာနော်။ ပွဲတန်ပိုက ပိုမြင့်လာမယ်လို့ မန်နေဂျာက ထင်နေတယ်။ ကစားသမားအနေနဲ့ မန်နေဂျာရဲ့ အမြင်ကို မင်းကော သဘောတူလား?

ကလယ်ဟာ – ဟုတ်ပါတယ်။ မိနစ် ၃၀ ပွဲတွေက ကောင်းပါတယ်။ မနက်ဖြန်ပွဲကတော့ ပထမဆုံး ကစားရမယ့် မိနစ် ၉၀ ပွဲဆိုတော့ ပွဲတန်ပိုက ပိုပြင်းထန်ပါလိမ့်မယ်။ ဒါကလည်း ရာသီရှည်ကြီးကို ကစားရမယ့် ကျနေ်ာတို့အတွက် ကောင်းပါတယ်။

LFC – လေ့ကျင့်ရေးမှာ မင်းတို့ရဲ့ ဂိုးဖမ်းလေ့ကျင့်တာတွေကို မြင်ရပါတယ်။ မင်းလုပ်တဲ့ အံ့မခန်း ကာကွယ်မှုတွေလည်း မြင်ရတယ်။ ကြိုးစားမှုရဲ့ ရလဒ်လို့ မြင်မိတယ်။ (LFCTV က ထုတ်လွှင့်တဲ့ အဆုံးသတ်ကန်သွင်းမှုတွေမှာ ကလယ်ဟာရဲ့ ကာကွယ်မှုတွေက သိပ်ကောင်းခဲ့ပါတယ်)

ကလယ်ဟာ – ကျနော်လည်း ပျော်ရွှင်ပါတယ်။ စိန်ခေါ်မှုကောင်းတွေပေါ့။ အသင်းမှာက အဆုံးသတ်ကောင်းသူတွေ များပါတယ်။ ဒီတော့ ကျနော်လည်း တတ်နိုင်သလောက် ကြိုးစား ကာကွယ်ရတာပေါ့။ ဒီစိန်ခေါ်မှုက ပျော်စရာကောင်းပါတယ်။

LFC – ပြီးခဲ့တဲ့ လေ့ကျင့်ရေးမှာ ဗန်ဒိုက်က မင်းကို အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့တယ်။ အဆုံးသတ်ကောင်းတဲ့ တိုက်စစ်သမားတွေကို ရင်ဆိုင်ရတာက မင်းအတွက် အကောင်းဆုံး ဖြစ်လာမလား?

ကလယ်ဟာ – သေချာတာပေါ့။ အသင်းမှာက ကမ္ဘာအကောင်းဆုံး အဆုံးသတ်သမားတွေ ရှိနေတာပါ။ သူတို့ကို ရင်ဆိုင်ရတာက ကျနော်ရဲ့ ပုံစံကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ သိပ်ကောင်းတဲ့ စိန်ခေါ်မှုပါပဲ။