ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀း၄၅ နာရီမှာတော့ လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါကလပ် မိန့်အသင်းနဲ့ မိနစ် ၉၀ စာ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ သြစတြီးယား ရာသီကြိုကို စတင်ခဲ့တာ ၁၂ ရက်ဝန်းကျင် ရှိလာခဲ့ပြီဖြစ်တယ်။ ဒီကြားထဲမှာ ကြံ့ခိုင်မှု စမ်းသပ်ခြင်းအဖြစ် မိနစ် ၃၀ စာ ခြေစမ်းပွဲ ၂ ပွဲကိုလည်း ကစားထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီသစ်အတွက် ပြင်ဆင်မှုတွေဟာ အရှိန်ကောင်းလာနေပြီလို့ ဆိုနိုင်ပါတယ်။

လီဗာပူးရဲ့ ရာသီကြိုပြိုင်ဘက် မိန့်အသင်းနဲ့ ပတ်သက်လို့ အနည်းငယ် မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဘယ်အချိန်ကန်မလဲ?

ပြောခဲ့တဲ့အတိုင်း ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀း၄၅ နာရီမှာ သြစတြီးယားက ကြားကွင်းမှာ ယှဉ်ပြိုင်မှာဖြစ်တယ်။ ဒီပွဲကို ပရိသတ် ၃၅၀၀ ကြည့်ခွင့်ရမှာဖြစ်ပါတယ်။

မိန့်မန်နေဂျာက ဘယ်သူလဲ?

ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကပဲ သြစတြီးယားကလပ်တွေကို ကိုင်တွယ်တဲ့ အတွေအကြုံရှိတဲ့ Bo Svensson က ကိုင်တွယ်နေပါတယ်။ သူဟာ မိန့်အသင်းကို ယာဂင်ကလော့ပ် ကိုင်တွယ်စဉ်က အသင်းသားအဖြစ် ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Svensson ကိုင်တွယ်တဲ့ ပွဲ ၂၀ မှာ မိန့်က ၅ ပွဲပဲ အရေးနိမ့်ထားပြီး ၉ ပွဲဆက် အရေးမနိမ့်တဲ့ စံချိန်လည်း ရထားပါတယ်။ ဘွန်ဒက်လီဂါမှာ အဆင့် ၁၂ နေရာက ရပ်တည်နိုင်ခဲ့လို့ ခပ်ညံ့ညံ့အသင်းတော့ မဟုတ်ပါဘူး။

အဓိက ကစားသမားတွေက ဘယ်သူတွေလဲ?

မိန့်မှာ ကောင်းမွန်တဲ့ ခံစစ်မှူးတွေ ရှိထားပါတယ်။ ဒါပေမယ့်လို့ တိုက်စစ်ပိုင်းကတော့ အနည်းငယ် အားပျော့နေတဲ့အသင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက တိုက်စစ်သမားတွေကို ဒီနွေမှာ လက်လွတ်ထားရပါတယ်။

မိန့်နဲ့ လီဗာပူးကြား ဆက်နွယ်မှုရှိလား?

ယာဂင်ကလော့ပ်ဟာ မိန့်အသင်းမှာ ကစားသမားအဖြစ် ၁၁ နှစ်၊ မန်နေဂျာအဖြစ် ၇ နှစ် တာဝန်ယူခဲ့ပါတယ်။ မိန့်အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဘွန်ဒက်လီဂါကို တန်းတက်အောင်လည်း ကြိုးစားပေးနိုင်ခဲ့သူဖြစ်တယယ်။

မိန့်ဂိုးသမားဟောင်း ကားရီးယက်စ်ကို ပေါင် ၄.၇ သန်းဖြင့် ခေါ်ယူခဲ့ဖူးသလို လက်ရှိ ယူနီယံဘာလင် အသင်းသား အဝန်နီယီကိုလည်း မိန့်ထံ အငှားချပေးဖူးပါတယ်။ နှစ်သင်းဟာ ၂၀၁၆ တုန်းက ခြေစမ်းပွဲ ကစားဖူးပြီး လီဗာပူးက ၄-၀ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ဘယ်သူတွေ ပွဲကစားခွင့်ရမလဲ?

ကျနေ်ာတို့ သိထားရတာကတော့ ဒီပွဲမှာ ကလယ်ဟာ၊ ကိုနတေး၊ ကိုစတက်တို့ ပွဲကစားခွင့်ရဖို့ ရှိပါတယ်။ ဆာလာ၊ မာနေးကို ချိန်ဘာလိန်နဲ့ တွဲဘက်ပြီး တိုက်စစ်ကို ခင်းကျင်းမှာဖြစ်ကာ ကိတ်တာနဲ့ အယ်လီးယော့လည်း ကစားခွင့်ရဖို့ ရှိနေပါတယ်။ ဒီပွဲမှာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်ကို ထုတ်သုံးဦးမှာ မဟုတ်ပါဘူး။