လီဗာပူးပရိသတ်တွေဟာ ချိန်ဘာလိန်နဲ့ ပတ်သက်လာရင် မျှော်လင့်ချက်ကြီးတွေ သိပ်မရှိကြတော့ပါဘူး။ ပထမဆုံးရာသီမှာ ထိပ်တန်းခြေစွမ်းတွေ ပြသခဲ့ပေမယ့် ဒဏ်ရာရပြီးနောက်ပိုင်း သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် ပရိသတ်တွေက စိတ်ပျက်လာခဲ့ကြတာဖြစ်တယ်။

ဒါပေမယ့်လို့ မနှစ်က နိုဝင်ဘာမှာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ချိန်ဘာလိန်က အဲ့နောက်ပိုင်းမှာ လီဗာပူးရဲ့ လေ့ကျင့်ရေး အားလုံးနီးပါးကို တောက်လျှောက် ပြန်ပါလာနိုင်ခဲ့တယ်။ သူ့ရဲ့ ကြံ့ခိုင်မှုအရ ပွဲစဉ်တွေမှာ ပါဝင်လာတာမျိုး မမြင်ရပေမယ့် ကာလရှည် ကြိုးစားလာမှုဟာ ဒီနွေမှာတော့ သက်ရောက်မှု ရှိလာခဲ့ပြီး ရာသီကြိုကို အကောင်းဆုံး ပါဝင်လာနိုင်ပါပြီ။

ရာသီကြိုမှာ ချိန်ဘာလိန်ရဲ့ ကြံ့ခိုင်မှုနဲ့ ကစားနိုင်စွမ်းကို ကြည့်ပြီး နည်းပြအဖွဲ့က ကွင်းလယ် နံပါတ် ၁၀ နေရာ အဓိက ကစားတဲ့ သူ့ကို နံပါတ် ၉ နေရာပို့ပြီး စမ်းသပ်လာခဲ့တယ်။ ချိန်ဘာလိန်ဟာ လက်ရှိ ဖာမင်နိုကစားနေတဲ့ False Nine နေရာအတွက် လေ့ကျင့်နေပြီး ရာသီသစ်မှာ ဘရာဇီးတိုက်စစ်သမားရဲ့ နေရာကို အဓိက စိန်ခေါ်ရမယ့်သူ ဖြစ်လာဖို့ ရှိနေပါတယ်။

” ဘော်ဘီ မင်းရဲ့နေရာအတွက် ဂရုစိုက်ပါတော့” လို့ LFC TV နဲ့ ရာသီကြို အစီအစဉ်မှာ အရွှန်းဖောက်ခဲ့တဲ့ ချိန်ဘာလိန်ကပဲ “ ဘော်ဘီ တာဝန်ယူကစားတဲ့ false nine နေရာအတွက် ကစားပုံက ကျနော်ကစားတဲ့ ကွင်းလယ်တိုက်စစ် ကစားပုံနဲ့ ဆင်တူပါတယ်။ နံပါတ် ၁၀ နေရာကလည်း လိုအပ်ရင် အတွင်းထိ ဆင်းကစားပေးရတာပါ။ ကျနော်တို့ရဲ့ ကစားရပုံချင်းက တူညီတယ်လို့ ပြောလို့ရပါတယ်။

ကျနော်ကလည်း ကွင်းလယ်တိုက်စစ်ကနေ ဧရိယာတစ်ဝိုက်မှာ ကစားပြီး ဧရိယာတွင်းကို ဝင်ကစားနိုင်မယ် ထင်ပါတယ်။ လိုအပ်လာရင် ကန်သွင်းမှုနဲ့ ဂိုးသွင်းမှုတွေလည်း လုပ်နိုင်တယ်။ ဒီတော့ false nine နေရာကို တာဝန်ယူရမယ်ဆိုရင်လည်း ကျနော်ကတော့ ကိစ္စ မရှိပါဘူး။ false nine နေရာက ကစားနိုင်ဖို့အတွက် ယုံကြည်မှုရှိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ စတုဂတ်တို့ ယှဉ်ပြိုင်ကစားတဲ့ မိနစ် ၃၀ ချစ်ကြည်ရေးပွဲမှာ ချိန်ဘာလိန်က နံပါတ် ၉ နေရာကို တာဝန်ယူပြီး မာနေး၊ ဆာလာတို့က ဘယ်ညာ တောင်ပံတွေက ပွဲထွက်ခဲ့တယ်။ ပုံမှန်အားဖြင့် တောင်ပံတိုက်စစ်ကို တာဝန်ယူလေ့ရှိတဲ့ အယ်လီးယော့က ကွင်းလယ် နံပါတ် ၁၀ နေရာကနေ ဝင်ကစားခဲ့ပါတယ်။

ချိန်ဘာလိန်ဟာ false nine နေရာမှာ ကစားနိုင်စွမ်းရှိတာကို ပြသခဲ့ပြီး ဆာလာအတွက် သူဖန်တီးပေးတဲ့ အပိုင်အခွင့်အရေးဟာ အီဂျစ်သားရဲ့ ကန်ချက် ဂိုးသမားထံ တည့်မှတ်စွာ ရောက်သွားလိုတာ သွင်းဂိုးတစ်ဂိုး မဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ ယာဂင်က ‘ ချိန်ဘာလိန်ရဲ့ အစောပိုင်းမိနစ် ကစားပုံကို အားလုံးလည်း မြင်တာပါပဲ။ သူက ကျနေ်ာတို့အတွက် ရွေးချယ်စရာဖြစ်လာပါတယ်။ ဘယ်လို ဆက်လုပ်ရမလဲ ကျနေ်ာတို့ ကြည့်ရပါမယ် ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ချိန်ဘာလိန်ရဲ့ တိုက်စစ်ပိုင်းမှာ ကစားနိုင်စွမ်းကို ယာဂင်ရဲ့ နည်းပြအဖွဲ့ဝင်တွေက တောက်လျှောက် လေ့လာအကဲဖြတ်နေပါတယ်။ သူတို့ကတော့ အင်္ဂလန်သားဟာ လီဗာပူးတိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်မယ်လို့ ယုံကြည်နေတယ်။ ဒါနဲ့အတူ ရာသီကြိုမှာ ချီးကျူးခံရမှုတွေနဲ့ အသံအထွက်ဆုံး ကစားသမားက ချိန်ဘာလိန် ဖြစ်လာနေခဲ့ပါတယ်။

မာဆေးဆိုဒ်ရဲ့ လီဗာပူးသတင်းထောက် Paul Gorst က ဆိုရင် ” ယာဂင်က ချိန်ဘာလိန်ကို နံပါတ် ၉ နေရာမှာ သုံးဖို့ ကြိုးစားနေပါပြီ။ အခုချိန်မှာ တိုက်စစ်မှူးနေရာနဲ့ ကွင်းလယ်နေရာအတွက် အားဖြည့်ဖို့ဆိုရင် လီဗာပူးက ကွင်းလယ်ကိုပဲ အားဖြည့်တော့မယ့် အနေအထားဖြစ်ပါတယ်။ ဒါကလည်း အိုရီဂီ၊ ရှာကွီရီတို့ရဲ့ အခြေအနေပေါ် မူတည်နေပါတယ် ” လို့ မှတ်ချက်ပေးလာခဲ့တယ်။

အသက် ၂၇ နှစ်အရွယ် ချိန်ဘာလိန်ဟာ အကောင်းဆုံးအရွယ်ကို ရောက်လာခဲ့ပြီဖြစ်သလို ကြံ့ခိုင်မှုလည်း ကင်းစင်နေပါပြီ။ ၂၀၂၄ ခုနှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိထားတဲ့ သူဟာ ရာသီသစ်မှာ ပုံမှန်ပွဲထွက်ခွင့် တစ်နေရာအတွက် ကြိုးစားနိုင်မယ်ဆိုရင် လီဗာပူးရဲ့ တိုက်စစ်ပိုင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာလည်း ဖြစ်လာဖို့ ရှိလာနေပြီဖြစ်ပါတယ်။